ရန်ကုန်မြို့ပတ် SCANIA ယာဉ်လိုင်းများ အစီးရေ ၂၀ ဖြင့် ယခုလ ၂၃ ရက်မှ စတင်ပြေးဆွဲမည်

0
18

စက်တင်ဘာ ၁၈
ဝေဝေဖြိုး

ရန်ကုန်မြို့ပတ် SCANIA ယာဉ်လိုင်းများ ယခုလ ၂၃ ရက်မှစ၍ ယာဉ်အစီးရေ ၂၀ ဖြင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

ယခုလ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)ရုံးချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့ပတ်က ဒီလ ၂၃ ရက်မှာ ယာဉ်စီးရေ ၂၀ နဲ့ စပြေးဆွဲမယ် ။ ဒီကားတွေဟာ SCANIA အမျိုးအစားတွေ ဖြစ်ပါတယ်။ အောင်မင်္ဂလာ အဝေးပြေးကနေ စထွက်ခွာမယ်။ ယာဉ်လမ်းကြောင်း ၂ ကြောင်းခွဲပြီးတော့ ဘယ်ဘက် ညာဘက် ပတ်ပြီး တပြိုင်တည်း ဒီကားကြီးတွေနဲ့ ဆွဲပါမယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ မြို့ထဲမှာ တချို့တဝက် အခြေပြုပြီး အဲ့ကနေ ပြန်ထွက်သွားတဲ့ စနစ်ကိုလဲ လေ့လာထားတယ်”ဟု ၎င်းကပြောသည်။

ယခုလ ၂၃ ရက်၌ ကားစတင်ပြေးဆွဲပြီးနောက် တွေ့ရှိချက်ပေါ် မူတည်၍ အောက်တိုဘာလတွင် အင်အားပြည့်ဖြစ်သော ကားအစီးရေ ၃၉ စီးဖြင့် အကုန် ပြေးဆွဲသွားမည်ဖြစ်သည်။

အဆိုပါ ယာဉ်လိုင်းများသည် တံခါး ၃ ပေါက်ပါသော်လည်း ရှေ့တက်နောက်ဆင်း စနစ်နှင့် ကိုက်ညီအောင် အပေါက် ၂ ခုသာ ဖွင့်ထားမည် ဟုဆိုသည်။

“ဒီကားတွေမှာ တံခါး ၃ ပေါက်ပါပေမယ့် အတက်နိုင်ဆုံး ရှေ့တက် နောက်ဆင်း စနစ်နဲ့ ညီအောင်တော့ အားလုံး ညှိနှိုင်းထားပါတယ်။ ဒုတိယပေါက်ကို အဓိကထားဖွင့်ဖို့ လုပ်ထားတယ်။ ဒီကားတွေမှာ ဝှီးချဲနဲ့ တက်မယ့်သူတွေ အတွက် အဆင်ပြေစေမယ့် အစီစဉ်ပါပါတယ်။
ဒီကားမှာ မီးစနစ်ပါတယ်၊ ကားစထွက်တဲ့ချိန်မှာ မီးတွေက စိမ်းပြီး လင်းနေမယ်၊ မှတ်တိုင်ရောက်လို့ ရပ်ပြီဆို အနီရောင်လင်းမယ်။ ထင်ရှားတဲ့နေရာတွေ ရောက်ရင်လဲ ခရီးသည်များအတွက် သတင်းအချက်အလက် အထောက်အကူစနစ်ကို ထည့်ထားပါတယ်”ဟု ဦးလှအောင်ကပြောသည်။

ယာဉ်များအပေါ်တွင် ခရီးသွားပြည်သူလူထုကို အထောက်အကူပြုမည့် မှတ်တိုင်အသိပေးစနစ် နှင့် အသံစနစ်များကိုလည်း တပြိုင်နက်တည်း တပ်ဆင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည် ဟုဆိုသည်။

ရန်ကုန်မြို့ပတ်လိုင်းပြေးဆွဲမည့် City Transit ကုမ္ပဏီအနေဖြင့် ယာဉ်များပြေးဆွဲနိုင်ရန်အတွက် သြဂုတ်လထဲတွင် လမ်းကြောင်းစစ်ဆေးမှုများကို ဆောင်ရွက်ထားပြီး ဖြစ်သည်။

“ပြေးဆွဲချိန်ကိုလဲ ညှိနှိုင်းနေပါတယ်။ ပြည်သူလူထုရဲ့ စီးနင်းမှုကို လေ့လာပြီး တိုးပြီးတော့ ထောက်ပံ့ပေးနိုင်အောင် ကြိုးစားပေးပါဆိုပြီး မေတ္တာရပ်ခံထားပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကားများပေါ်တွင် ပါရှိသည့် facility အရ ခရီးသွားပြည်သူလူထုကို ပံ့ပိုးနိုင်သည့် အတိုင်းအတာထိ ဖြစ်နိုင်အောင် ကုမ္ပဏီအနေဖြင့် GPS သီးခြား တပ်ဆင်ခြင်းများနှင့် တယ်လီမက်တစ်စနစ် တပ်ဆင်ခြင်းများကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ကားများကို အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိ မြို့တစ်ပတ်လုံး အသွား အပြန် ၁၀၀၀ ကျပ် သတ်မှတ်ထားသည်။

လက်ရှိ အစိုးရလက်ထက်တွင် မထသ စနစ်ကို ရပ်ဆဲပြီး ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့ရာ လက်ရှိအချိန်တွင် ယာဉ်နံပါတ် ပေးထားသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိကာပြေးဆွဲ လမ်းကြောင်းပေါင်း ၁၃၀ ကျော်မှ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀၀ ၀န်းကျင်ခန့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

Leave a Reply