နေအိမ်တွင် ချိန်းဆိုပြီး ကျပ်သိန်း ၅၈၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ လုယက်မှုဖြစ်

0
172

မန္တလေး ၊ ဇန်နဝါရီ ၂၄၊ ၂၀၁၈

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ထွန်တုံးရပ်ကွက် ၊ ခိုင်ရွှေဝါလမ်း ၄၇ လမ်း နှင့် ၄၈ လမ်းကြားရှိ ဇဇ ၃၁/၆ နေအိမ်တွင် ကျပ်သိန်း ၅၈၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ လုယက်မှုတစ်ခု ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖြစ်စဉ်မှာ ကျောက်ပွဲစားများဖြစ်ကြသည့် ကိုမျိုးသက်(ခ)ဟာနက် ၊ နိုင်အောင်ချစ် (ခ) ကိုသူရ ၊ မင်းခန့် (ခ) ကျော်စိုးလွင် ၊ ဇာနည်စိုး ၊ စိုးပိုင်ထွန်း တို့သည် ကျောက်စိမ်းအရောင်းအဝယ်လုပ်ရင်း ခင်မင်ရင်းနှီးခဲ့သူ ဖြိုးမောင်မောင်က ချိန်းဆိုသည့်အတွက် ထွန်တုံးရပ်ကွက် ခိုင်ရွှေဝါလမ်း ၄၇ လမ်း နှင့် ၄၈ လမ်းကြားရှိ ဇဇ ၃၁/၆ နေအိမ်သို့ သွားရောက်ရာ ကိုထွန်း ဆိုသူကို တွေ့ရပြီး ကိုထွန်းမှ ကိုမျိုးသက်(ခ)ဟာနက် ပါ (၅) ဦးကို ဧည့်ခန်းအတွင်း နေရာထိုင်ခင်းစီစဉ်ပေးကာ သူဋ္ဌေးမလာသေး၍ သွားခေါ်မည်ဟုဆိုကာ ခြံအပြင်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ကိုထွန်းထွက်သွားပြီး မကြာခင်မှာ နေအိမ်အတွင်း တံခါးပိတ်ထားသည့် အခန်းထဲမှ လူငယ် (၄) ဦးမှာ တံခါးကို စောင့်ကန်ထွက်လာပြီး တုတ် ၊ ဓါးများဖြင့် ကိုမျိုးသက်(ခ)ဟာနက် ပါ (၅) ဦးကို ရိုက်နှက် ထိုး ခုတ်ကာ ပါလာသည့် ပစ္စည်းများကို လုယူ၍ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ လူယူမှုတွင် ကျောက်စိမ်းလက်စွပ်များ ၊ ကျောက်စိမ်းများ ၊ ငွေများ နှင့် ဖုန်းများ ပါသွားခဲ့ပြီး လူငယ် (၄) ဦး၏ ရိုက်နှက် ထိုး ခုတ်မှုကြောင့် ကိုမျိုးသက်(ခ)ဟာနက် နှင့် မင်းခန့် (ခ) ကျော်စိုးလွင်တို့မှာ ဦးခေါင်း ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းလုယက်မှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး ကိုထွန်း ၊ ဖြိုးမောင်မောင် နှင့် အမည်မသိလူငယ် (၄) ဦးကို အောင်ပင်လယ်နယ်မြေခံရဲစခန်းတွင် (ပ)၃၈/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းစီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

နိုင်လင်းဦး

Leave a Reply