အမှိုက်ပုံ ရေဆိုးများကြောင့် စိုက်ပျိုးမြေနှင့် သီးနှံများ ပျက်ဆီးဆုံးရှုံးမှုဖြစ်

0
172

ဒီဇင်ဘာ ၁ ။ ၂၀၁၇ ။

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် သခင်မတောင်ခြေအနီးရှိ စည်ပင်သာယာအမှိုက်ပုံမှ ထွက်လာသော အညစ်အကြေးနှင့် ရေဆိုးများကြောင့် စိုက်ပျိုးမြေနှင့်သီးနှံများ ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်နေကြောင်း သိရပါသည် ။

ရေဆိုးများမှာ မိုးတွင်းသာမကပဲ ပွင့်လင်းရာသီအချိန်မှာလည်း မြောင်းများမှ တဆင့် စိုက်ပျိုးမြေများထဲသို့ စီးဝင်လာ မှုကြောင့် အင်ကျယ်ကျေးရွာနှင့် ကုမတောင်ကျေးရွာတို့ရှိ စိုက်ပျိုးသီးနှံခင်းများ ပျက်ဆီးဆုံးရှုံးရကြောင်း အင်ကျယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက ပြောပါသည် ။

“အရင်တုန်းက သိပ်မသိသာသေးဘူး ။ ခု ၂၀၁၇ ခုနှစ်ရောက်မှပဲ သိသာလာတယ် ။ အနံ့တွေကလည်းဆိုးတယ် ။ ဒီရေတွေက ကျေးရွာ သောက်သုံးရေဖြစ်တဲ့ ဆည်မြောင်းလက်တက်ထဲကို စီးဝင်တော့ သောက်သုံးမိတဲ့သူတွေ အရည်ပြားရောဂါတွေရကြတယ် ။” ဟု ဦးဇော်မိုးက ဆက်လက်ပြောပါသည် ။

ရေဆိုးများကြောင်း စပါး နှင့် ကုလားပဲ စိုက်ဧက ၄၀ ကျော် ပျက်ဆီးနေပြီး စိုက်ပျိုးမြေ ၉ ဧကမှာ စိုက်ပျိုးလို့ မရတော့ကြောင်း သိရပါသည် ။

“ဒီအတိုင်းဘာမှ လုပ်မပေးပဲပစ်ထားရင် နောင်ဒီထပ်ပိုဆိုးလာနိုင်တယ် ။ လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက စည်ပင်ကို အကြောင်းကြားထားတာ ဘာမှ လုပ်ဆောင်ပေးခြင်းမရှိသေးဘူး ။ ကျွန်တော်တို့က စိုက်ပျိုးစရိတ်တွေရှုံးတယ် ။ စိုက်ပျိုးစရိတ်ကလည်း စိုက်ပျိုးရေးဘဏ်ကနေ ချေးထားရတာ ။ ခုဆို သီးနှံမအောင်တော့ ပြန်ဆပ်ဖို့အခက်အခဲဖြစ်နေတယ် ။” ဟု ဒေသခံတောင်သူ ဦးငှက်ရိုး က ပြောပါသည် ။

ရေဆိုးများကြောင့် ဆည်မြောင်းက ပေးထားသည့် သောက်သုံးရေမှာလည်း သန့်ရှင်းခြင်းမရှိတော့ဘဲ သောက်သုံးရေအခက်အခဲလည်းရှိကြောင်း သိရပါသည်။

“ကျွန်တော်တို့ ဒီရေဆိုးတွေကို သန့်စင်ပြီးစွန့်ထုတ်ဖို့ လုပ်သွားမယ် ။ အရင်အပတ်ထဲကပဲ လေ့လာမှုတွေလုပ်ပြီးသွားတယ် ။ တောင်သူတွေဆုံးရှုံးမှုတွေကိုလည်း လျော်ကြေးပေးဖို့ရာအတွက် တောင်သူတွေနဲ့ညှိနှိုင်းလုပ်ဆောင်သွားမယ် ။” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၊ သန့်ရှင်းရေးဋ္ဌာနမှ ဋ္ဌာနမှူး ဦးလှမျိုး က ပြောပါသည် ။

မန္တလေးမြို့အတွင်း တစ်ရက် လျှင် အမှိုက်တန်ချိန် ၉၀၀ မှ တန်ချိန် ၁၀၀၀ ကြားထွက်ရှိပြီး တောင်အင်း ၊ မြောက်အင်း အမှိုက်ပုံ၊ သခင်မတောင်ခြေ စသည့် နေရာများသို့ လာရောက်စုပုံကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က သိရပါသည် ။

Leave a Reply