မြို့တွင်းရှိ CNG အရောင်းဆိုင်အချို့ကို မြို့ပြင်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် စီစဉ်

0
13

စက်တင်ဘာ ၁၉
ဝေဝေဖြိုး

မြို့တွင်းရှိ သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင် အချို့ကို မြို့ပြင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး က ပြောသည်။

“ဒီမြို့ထဲမှာ ဘတ်စ်ကားကြီးတွေ CNG ဖြည့်တယ်ဆိုတာ တကယ်တော့ ဘယ်လိုမှ မသင့်တော်ပါဘူး၊ ဒါ ဟိုတုန်းက Strategy(မဟာဗျူဟာ) မှားခဲ့တဲ့ သဘောပါ၊ ဒါကို ကျွန်တော်တို့က ဘယ်လိုဖြေရှင်းမလဲဆိုရင် YRTA နဲ့ YBS ကုမ္ပဏီတွေ ကျွန်တော်တို့ မြေကွက်တွေရှာမယ်၊ ရှာပြီးရင် အဲ့ဒီဘတ်စ် Terminal တွေမှာပဲ အချိန်တိုတိုနဲ့ ထိရောက်တဲ့ အကျိုးသက် ရောက်မှု သိပ်မဖြစ်တဲ့ ဆိုင်တွေကို ဆိုင်ပြောင်းရွှေ့ စရိတ်လောက်ပဲ အသုံးပြုခြင်းဖြင့် YBS Terminal တွေ မြို့ပြင်မှာ ဖြစ်သွားပြီဆိုရင် မြို့ထဲမှာရှိနေတဲ့ ဆိုင်တွေမှာ YBS ကားတွေ တန်းစီမှု ပပျောက်သွားမှာပါ”ဟု ၎င်း က ပြောသည်။

ရန်ကုန်မြို့တွင်းရှိ CNG ဖြည့်တင်းရသည့် YBS ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရခြင်းကို ဖြေရှင်းရန်အတွက် ယင်းသို့ ပြောင်းရွှေ့ရခြင်းဖြစ်ပြီး လိုအပ်သည့် မြေနေရာရှာဖွေရေးကို YRTA နှင့် YBS ယာဉ်လိုင်းကုမ္ပဏီ များဘက်မှ ပြုလုပ်ရမည်ဟုဆိုသည်။

လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် YBS ယာဉ်များ CNG ဖြည့်သည့် ဂက်စ်ဆိုင် ၃၁ ဆိုင်ကို ဇုန် ၄ ဇုန် ခွဲထားပြီး စောင့်ကြည့်စစ်ဆေးချက်အရ အလုံမြို့နယ်ရှိ ဆိုင်အမှတ် ၂ နှင့် ၃ သည် လမ်းတစ်လမ်းသာ ခြားသောကြောင့် တစ်ဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့နိုင် သည်ဟုဆိုသည်။

ထို့ပြင် ဒဂုံအရှေ့မြို့နယ်ရှိ ဆိုင်အမှတ် ၁ နှင့် ၂ မှာလည်း ခြံစည်းရိုးသာ ခြားသောကြောင့် ယင်းနေရာမှ ဆိုင်တစ်ဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့နိုင်ပြီး သန်လျင်တံတားအဆင်းရှိ CNG ဆိုင် တို့ကိုလည်း မြို့ပြင်သို့ ပြောင်းရွှေ့နိုင်ကြောင်းသိရသည်။

ထို့သို့ စောင့်ကြည့်စစ်ဆေးချက်အရ YBS ယာဉ်လိုင်းများအနေဖြင့် CNG ဆိုင်များ၌ ဂက်စ်ဖြည့်ရာတွင် ဆိုင်အမှတ် ၀၀၃ (အလုံ ၁)၊ ၀၀၄ (ကျိုက္ကလို့)၊ ၀၀၈ (ပုလဲ)၊ ၀၂၁ (ဒဂုံဆိပ်ကမ်း)၊ ၀၂၇ (ရွှေပြည်သာ အမှတ် ၂)၊ ၀၄၂ (ထောက်ကြန့်)တို့တွင် ယာဉ်များ ပြည့်ကြပ်နေပြီး ယာဉ်ကြောကြပ်တည်းမှု များလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“လက်ရှိကတော့ အဲ့ဒီ (၃)ဆိုင်ပဲ။ တကယ်လို့ YBS တွေက အားလုံး သူတို့ Terminal တွေ ရလာတဲ့အပေါ် မူတည်ပြီးတော့ ဒီအထဲကနေ efficiency နည်းတဲ့ ဆိုင်တွေကို ဘေးကို ထုတ်သွားမှာပါ။ ဒီလကုန်မှာပဲ CNG စက်တွေ တပ်ဆင်မှုက ပြီးပါမယ်။ နောက်လဆန်းဆိုရင် အဲ့ဒီစက်သုံးလုံးရဲ့ ဖြည့်တင်းနိုင်မှုဟာဆိုရင် လမ်းပေါ် မှာရှိတဲ့ YBS တန်းစီနေမှုဟာ အများကြီး လျော့ကျ သွားမယ်ဆိုတာ ကျွန်တော့်ဘက်က ရဲရဲကြီး အာမခံရဲပါတယ်”ဟု ဦးလှဝင်းဌေးကပြောသည်။

လက်ရှိ ဘတ်ဂျတ်နှစ်၌ ပြည်ထောင်စုအစိုးရထံမှ CNG စက်အသစ် (၃)လုံး ထပ်မံရရှိထားပြီး ယင်း CNG ဖြည့်တင်းသည့် စက်များကို ဘုရင့်နောင်လမ်းမပေါ်ရှိ (၀၀၇)၊ ဒဂုံအရှေ့(၁) ကျန်စစ်သား လမ်းမပေါ်ရှိ ဆိုင်အမှတ် (၀၁၅)၊ အမှတ် (၄)လမ်းမပေါ် ကွန်ပျူတာတက္ကသိုလ်အနီးရှိ ရွှေပြည်သာအမှတ်(၂) ဆိုင်များ၌ အသစ် တပ်ဆင်သွားမည် ဖြစ်သည်။

ထို့ပြင် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်ရရှိမှု အနေအထားအရ ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ CNG ဖြည့်တင်းမည့် စက်အသစ်(၁)လုံး ရရှိထားပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆိုင်အမှတ် ၀၂၁ တွင် တပ်ဆင်သွားမည်ဖြစ်သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မော်တော်ယာဉ်များအတွက် CNG ကုဗပေသန်းပေါင်း ၂၄ ဒသမ ၁၄ ကုဗပေသန်းကို ဖြန့်ဖြူးရောင်းချ လျက်ရှိရာ ယင်းအထဲမှ နေ့စဉ် YBS ယာဉ်စီးပေါင်း (၄၀၀၀)နီးပါးကို ၁၃ ဒသမ ၄၁ ကုဗပေသန်း ဖြည့်တင်းပေးလျက်ရှိပြီး ကျန်ရှိသည့် ဓာတ်ငွေ့များကို ကြိုပို့ယာဉ်၊ ကုန်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ် အနည်းငယ်ကို အချိုးကျ ဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply