စြန္႔ပစ္ပစၥည္းမ်ားကို မိုဘိုင္းလ္အက္ပလီေကးရွင္းမွ တဆင့္ ဝယ္ယူ ေရာင္းခ်ႏိုင္ၿပီ

0
77

စက္တင္ဘာ ၂၆
ေဝေဝၿဖိဳး

စြန္႔ပစ္ပစၥည္းမ်ားကို မိုဘိုင္းလ္အက္ပလီေကးရွင္းမွ တဆင့္ အိမ္တိုင္ရာေရာက္ ဝယ္ယူ ေရာင္းခ်ႏိုင္ၿပီျဖစ္ ေၾကာင္း Recycle Myanmar Application ေရးဆြဲသူ ဦးပုညက ေျပာသည္။

ျမန္မာႏိုင္ငံ၏ ပထမဦးဆံုးေသာ မိုဘိုင္းလ္ဖုန္းမွ စြန္႔ပစ္ပစၥည္းမ်ား ေရာင္းဝယ္ႏိုင္ေသာ အက္ပလီ ေကးရွင္းအသစ္တစ္ခုျဖစ္သည့္ Recycle Myanmar နည္းပညာ ပလက္ေဖာင္းသစ္ မိတ္ဆက္ပြဲကို ယခုလ ၂၅ ရက္က စိမ္းလန္းစိုျပည္ရွိ Zephyr Coffee & Restaurant တြင္ ျပဳလုပ္ခဲ့သည္။

“အရင္တုန္းကလို စြန္႔ပစ္ပစၥည္း ၀ယ္တဲ့လူေတြဟာ လမ္းေတြေပၚ ေလွ်ာက္သြားၿပီး ပစၥည္းေတြ လိုက္၀ယ္ေနဖို႔ မလိုဘဲ ဖုန္းေခၚဆိုမႈကေနတစ္ဆင့္ သြားလို႔ရပါတယ္။ ေရာင္းမယ့္သူေတြဆိုရင္လည္း ပစၥည္းအေဟာင္းဝယ္တဲ့ ေနရာေတြအထိ သြားစရာမလိုဘဲ ကုိယ့္အိမ္၊ ကိုယ့္ေနရာမွာပဲ ေရာင္းလို႔ရတဲ့အတြက္ အခ်ိန္ကုန္သက္သာပါတယ္။ စြန္႔ပစ္ပစၥည္းေရာင္းခ်သူနဲ႔ အမိႈက္သိမ္းသူတုိ႔ အဆင္ေျပသြားရင္ ပတ္၀န္းက်င္ကို အမိႈက္ေတြပစ္မွာ မဟုတ္ေတာ့တာေၾကာင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းရာလည္း ေရာက္ပါတယ္”ဟု ၎က ေျပာသည္။

အဆိုပါ မိုဘိုင္းအက္ပလီေကးရွင္းကို ေရာင္းသူႏွင့္ ဝယ္သူအတြက္ဟူ၍ ႏွစ္မ်ိဳးခြဲျခားထားၿပီး ဝယ္သူ ျဖစ္ပါက Recycle Myanmar Picker ဆိုသည့္ အမည္ကို အသံုးျပဳရမည္ျဖစ္ၿပီး ေရာင္းသူ ျဖစ္ပါက Recycle Myanmar User ကို အသံုးျပဳရမည္ ျဖစ္ေၾကာင္းသိရသည္။

ပစၥည္းေရာင္းခ်လိုသူမ်ား အေနျဖင့္ Recycle Myanmar User ဆိုသည့္ အက္ပလီေကးရွင္းထဲသို႔ ဝင္ကာ စြန္႔ပစ္ပစၥည္း အရြယ္အစား ေရြးခ်ယ္ျခင္း၊ တည္ေနရာ သတ္မွတ္ျခင္း၊ လိပ္စာ ထည့္သြင္းျခင္း မ်ားကို ျပဳလုပ္ရမည္ျဖစ္ၿပီး စြန္႔ပစ္ပစၥည္းမ်ား ေရာင္းခ်ရန္ မည္သည့္ေနရာမွ် သြားစရာမလိုဘဲ အြန္လုိင္းေပၚ၌ပင္ အခ်ိန္ကုန္ သက္သာစြာျဖင့္ ေရာင္းခ်ႏိုင္မည္ဟုဆိုသည္။

ပစၥည္းဝယ္ယူသူမ်ားအေနျဖင့္လည္း GPS စနစ္ အသံုးျပဳထားေသာေၾကာင့္ တစ္လမ္း၀င္ တစ္လမ္းထြက္ လုိက္လံ ၀ယ္ယူစရာမလိုဘဲ Recycle Myanmar Picker ဆိုသည့္ အက္ပလီေကးရွင္းျဖင့္ စြန္႔ပစ္ ပစၥည္းမ်ား ဝယ္ယူႏို္င္သည္ဟုဆိုသည္။

ယင္း အက္ပလီေကးရွင္းသည္ အင္တာနက္ႏွင့္ မိုဘိုင္းဆက္သြယ္ေရး ကြန္ရက္ေပၚ အေျခခံ၍ စြန္႔ပစ္ပစၥည္း ၀ယ္ယူလိုသူႏွင့္ ျပန္လည္ ေရာင္းခ်လုိသူ တုိ႔ကို ခ်ိတ္ဆက္ ေဆာင္ရြက္ေပးႏိုင္ၿပီး ေရသန္႔ဘူးခြံ၊ ပုလင္းခြံ၊ သတင္းစာ၊ ဂ်ာနယ္၊ စကၠဴ၊ ဘက္ထရီ အိုးအပ်က္ ၊ လွ်ပ္စစ္ပစၥည္းအေဟာင္း၊ ေကာ္ဗူး၊ ေကာ္ခြက္စသည့္ ျပန္ေရာင္း၍ ရေသာ အမိႈက္မ်ားကုိ ေရာင္းခ်ႏိုင္သည့္ အခမဲ့မိုဘိုင္းလ္ အက္ပလီေကးရွင္း တစ္ခု ျဖစ္သည္။

အမိႈက္မ်ားကုိ ျပန္လည္တီထြင္ အသံုးျပဳျခင္းသာမက စြန္႔ပစ္ပစၥည္း စီမံခန္႔ခြဲမႈ digital platform ျဖစ္သည့္ Recycle Myanmar ကို ၂၀၁၉ ခုႏွစ္ ျပည္ၿမိဳ႕တြင္ စတင္စမ္းသပ္အသံုးျပဳခဲ့ၿပီး သံုးလအၾကာတြင္ မႏၱေလးၿမိဳ႕တြင္ မိတ္ဆက္ခဲ့ၿပီးျဖစ္ကာ ယခုအခ်ိန္္ထိ Recycle Myanmar ကို အသံုးျပဳသည့္ စြန္႔ပစ္ပစၥည္း ၀ယ္ယူသူ ၂၀၀ ေက်ာ္ႏွင့္ ေရာင္းခ်သူ ၇၀၀ ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ Recycle Myanmar စြန္႔ပစ္ပစၥည္း ေရာင္းဝယ္သည့္ မိုဘိုင္း အက္ပလီေကးရွင္းကို ျပည္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕ႀကီးမ်ားတြင္ စတင္ အသံုးျပဳေနၿပီး ရန္ကုန္ၿမိဳ႕၊ က်န္တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္မ်ားတြင္လည္း မၾကာမီ အခ်ိန္အတြင္း အသံုးျပဳႏုိင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

————————————-

(Unicode)

စွန့်ပစ်ပစ္စည်းများကို မိုဘိုင်းလ်အက်ပလီကေးရှင်းမှ တဆင့် ဝယ်ယူ ရောင်းချနိုင်ပြီ

စက်တင်ဘာ ၂၆
ဝေဝေဖြိုး

စွန့်ပစ်ပစ္စည်းများကို မိုဘိုင်းလ်အက်ပလီကေးရှင်းမှ တဆင့် အိမ်တိုင်ရာရောက် ဝယ်ယူ ရောင်းချနိုင်ပြီဖြစ် ကြောင်း Recycle Myanmar Application ရေးဆွဲသူ ဦးပုညက ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မိုဘိုင်းလ်ဖုန်းမှ စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်နိုင်သော အက်ပလီ ကေးရှင်းအသစ်တစ်ခုဖြစ်သည့် Recycle Myanmar နည်းပညာ ပလက်ဖောင်းသစ် မိတ်ဆက်ပွဲကို ယခုလ ၂၅ ရက်က စိမ်းလန်းစိုပြည်ရှိ Zephyr Coffee & Restaurant တွင် ပြုလုပ်ခဲ့သည်။

“အရင်တုန်းကလို စွန့်ပစ်ပစ္စည်း ဝယ်တဲ့လူတွေဟာ လမ်းတွေပေါ် လျှောက်သွားပြီး ပစ္စည်းတွေ လိုက်ဝယ်နေဖို့ မလိုဘဲ ဖုန်းခေါ်ဆိုမှုကနေတစ်ဆင့် သွားလို့ရပါတယ်။ ရောင်းမယ့်သူတွေဆိုရင်လည်း ပစ္စည်းအဟောင်းဝယ်တဲ့ နေရာတွေအထိ သွားစရာမလိုဘဲ ကိုယ့်အိမ်၊ ကိုယ့်နေရာမှာပဲ ရောင်းလို့ရတဲ့အတွက် အချိန်ကုန်သက်သာပါတယ်။ စွန့်ပစ်ပစ္စည်းရောင်းချသူနဲ့ အမှိုက်သိမ်းသူတို့ အဆင်ပြေသွားရင် ပတ်ဝန်းကျင်ကို အမှိုက်တွေပစ်မှာ မဟုတ်တော့တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ မိုဘိုင်းအက်ပလီကေးရှင်းကို ရောင်းသူနှင့် ဝယ်သူအတွက်ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ဝယ်သူ ဖြစ်ပါက Recycle Myanmar Picker ဆိုသည့် အမည်ကို အသုံးပြုရမည်ဖြစ်ပြီး ရောင်းသူ ဖြစ်ပါက Recycle Myanmar User ကို အသုံးပြုရမည် ဖြစ်ကြောင်းသိရသည်။

ပစ္စည်းရောင်းချလိုသူများ အနေဖြင့် Recycle Myanmar User ဆိုသည့် အက်ပလီကေးရှင်းထဲသို့ ဝင်ကာ စွန့်ပစ်ပစ္စည်း အရွယ်အစား ရွေးချယ်ခြင်း၊ တည်နေရာ သတ်မှတ်ခြင်း၊ လိပ်စာ ထည့်သွင်းခြင်း များကို ပြုလုပ်ရမည်ဖြစ်ပြီး စွန့်ပစ်ပစ္စည်းများ ရောင်းချရန် မည်သည့်နေရာမျှ သွားစရာမလိုဘဲ အွန်လိုင်းပေါ်၌ပင် အချိန်ကုန် သက်သာစွာဖြင့် ရောင်းချနိုင်မည်ဟုဆိုသည်။

ပစ္စည်းဝယ်ယူသူများအနေဖြင့်လည်း GPS စနစ် အသုံးပြုထားသောကြောင့် တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံ ဝယ်ယူစရာမလိုဘဲ Recycle Myanmar Picker ဆိုသည့် အက်ပလီကေးရှင်းဖြင့် စွန့်ပစ် ပစ္စည်းများ ဝယ်ယူနိုင်သည်ဟုဆိုသည်။

ယင်း အက်ပလီကေးရှင်းသည် အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ပေါ် အခြေခံ၍ စွန့်ပစ်ပစ္စည်း ဝယ်ယူလိုသူနှင့် ပြန်လည် ရောင်းချလိုသူ တို့ကို ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ပြီး ရေသန့်ဘူးခွံ၊ ပုလင်းခွံ၊ သတင်းစာ၊ ဂျာနယ်၊ စက္ကူ၊ ဘက်ထရီ အိုးအပျက် ၊ လျှပ်စစ်ပစ္စည်းအဟောင်း၊ ကော်ဗူး၊ ကော်ခွက်စသည့် ပြန်ရောင်း၍ ရသော အမှိုက်များကို ရောင်းချနိုင်သည့် အခမဲ့မိုဘိုင်းလ် အက်ပလီကေးရှင်း တစ်ခု ဖြစ်သည်။

အမှိုက်များကို ပြန်လည်တီထွင် အသုံးပြုခြင်းသာမက စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု digital platform ဖြစ်သည့် Recycle Myanmar ကို ၂၀၁၉ ခုနှစ် ပြည်မြို့တွင် စတင်စမ်းသပ်အသုံးပြုခဲ့ပြီး သုံးလအကြာတွင် မန္တလေးမြို့တွင် မိတ်ဆက်ခဲ့ပြီးဖြစ်ကာ ယခုအချိန်ထိ Recycle Myanmar ကို အသုံးပြုသည့် စွန့်ပစ်ပစ္စည်း ဝယ်ယူသူ ၂၀၀ ကျော်နှင့် ရောင်းချသူ ၇၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Recycle Myanmar စွန့်ပစ်ပစ္စည်း ရောင်းဝယ်သည့် မိုဘိုင်း အက်ပလီကေးရှင်းကို ပြည်မြို့နှင့် မန္တလေးမြို့ကြီးများတွင် စတင် အသုံးပြုနေပြီး ရန်ကုန်မြို့၊ ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း မကြာမီ အချိန်အတွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply