၆၆ (ဃ) နဲ့ တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် အမှု ပြန်လည်စစ်ဆေးရန် ခရိုင်တရားရုံး ဆုံးဖြတ်

0
36

စက်တင်ဘာ – ၃၀

နိုင်လင်းဦး

ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) နဲ့ တရားစွဲခံခဲ့ရသည့် Myanmar Now သတင်းဋ္ဌာန က အယ်ဒီတာချုပ် ကိုဆွေဝင်း၏အမှုအား ပြန်လည်စစ်ဆေးရန် စက်တင်ဘာလ ၃၀ ရက်နေ့က မန္တလေးခရိုင်တရားရုံး က အမိန့်ချခဲ့သည် ။

မဟာအောင်မြေ မြို့နယ် တရားရုံးက ဇူလိုင်လ (၂) ရက်နေ့က စွဲချက်မတင်ခင်မှာ ပြန်လွှတ်ကြောင်း အမိန့်ချခဲ့ပြီး အမှုနှင့် ပတ်သက်ပြီး မန္တလေးခရိုင်တရားရုံးသို့ တက်ခဲ့ရာ မူလတရားရုံးတွင် ပြန်စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည် ။

ထိုသို့ အထက်ရုံးသို့ အယူခံတက်ခြင်းကို တရားလိုအနေဖြင့် ပြုလုပ်ထားသည့်အပြင် မြို့နယ် ဥပဒေအရာရှိလည်း အထက်ရုံးသို့ တင်ခဲ့ကြောင်း သိရသည် ။

“အောက်ရုံးက အမိန့်ချတဲ့အပေါ်မှာ ကျွန်တော်တို့က ပြင်ဆင်ချက်တက်တဲ့ဟာကို ခရိုင်က မြို့နယ်ကို ပြန်စစ်ဆေးဖို့ အမိန့်ချတာ။ ကိုဆွေဝင်းကို နစ်နာဖို့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တိုင်ကြားထားတဲ့ ၆၆ (ဃ) နဲ့ ပတ်သက်ပြီး ကျူးလွန်ကြောင်း သက်သေအခိုင်အမာ တင်ပြထားတဲ့အတွက် ခရိုင်ရုံးက ချပေးတဲ့အမိန့်ပေါ်မှာ မှန်ကန်တဲ့ အမိန့်တစ်ရပ်လို့ပဲ ပြောချင်တယ်။´´ ဟု တရားလို ဦးကျော်မျိုးရွှေ က ပြောသည် ။

အမှုမှာ နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည့်အချိန်တွင် တရားလိုပြသက်သေ (၇) ဦးသာ စစ်ဆေးရသေးပြီး မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အနေမှာ သက်သေအဖြစ် မှ ပယ်ပေးရန်တင်ပြထားသည့်အတွက် တရားလိုပြသက်သေ (၃) ဦးစစ်ဆေးရန် ကျန်ရှိနေသေးသည့်အခြေအနေတွင် အမှုမှ ပယ်ချပေးရန်အတွက် တရားရုံးသို့လျှောက်ထားခဲ့သည့်အပေါ်တွင် တရားသူကြီးက သုံးသပ်၍ အမိန့်ချခဲ့ခြင်းဖြစ်သည် ။

ထို့အပြင် အမှုမှ အဓိက တရားလို သက်သေဖြစ်သည့် ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု အကြိမ် (၂၀) ကျော်ရှိပြီဖြစ်သော်လည်း လာရောက်ထွက်ဆိုခြင်းမရှိသည့်အတွက် အမှုမှာ ကြံ့ကြာနေသည်။ ဆရာတော်ဦးဝီရသူ အနေဖြင့်လည်း ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသောကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် အခြေအနေတွင်ရှိနေသည် ။

ဆရာတော်ဦးဝီရသူသည် ရှေ့နေဦးကိုနီ သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သတ်သည့်သူအား ဘုရားအလောင်းဖြင့် နှိုင်းယှဉ်၍ ကျေးဇူးတင်ကြောင်း ရေးသားခဲ့သည် ။

ထိုသို့ရေးသားခဲ့သည့်အပေါ် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအနေဖြင့် ဦးဝီရသူသည် ပါရာဇိက ကျနေပြီဖြစ်ကြောင်း မန္တလေးမှ ဆရာတော်တစ်ပါး၏ ပြောစကားကို ကိုးကားရေးထားသည့် သတင်းအား ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေခဲ့သည် ။

ထို့အတွက်ကြောင့် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူရဲ့ မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် မတ်လ (၇) ရက်နေ့ က ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆(ဃ)နဲ့အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည် ။

Leave a Reply