ပုဂံဒေသ ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက် ရာ၌ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေး

0
77

အောက်တိုဘာ ၁
ဝေဝေဖြိုး

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသ ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်ရာ၌ ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

စက်တင်ဘာလ ၃ဝ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် ကမ္ဘာ့ယဉ်ကျေး မှုအမွေအနှစ်ဒေသ ပုဂံ ရေရှည်တည်တံ့ရေးအတွက် ခရီးသွားများ ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးဟောပြောပွဲ တွင် ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့အမွေအနှစ် စာရင်းဖော်ဆောင်တဲ့ နေရာမှာ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ အပိုင်းနဲ့သွားပါ တယ်။ အရင်တုန်းက ဝန်ကြီးဌာနတစ်ခုတည်းနဲ့ပဲ၊ ဦးစီးဌာနကလုပ်တဲ့ အဆင့်ကနေပြီးတော့ ဒေသမှာရှိတဲ့ ဒေသခံတွေ အဖွဲ့အစည်းတွေ အကုန်လုံးပူပေါင်းပြီးတော့ ဆောင်ရွက်သွားတာ။ ဒီလိုသွားနေတဲ့ အပိုင်းမှာ အားနည်းချက်တစ်ခုက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးတဲ့ အခြေအနေဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုအားနည်းနေသေးတဲ့ အချက်က ဌာနဆိုင်ရာတင်မကပါဘူး ၊ ဒေသခံ တွေမှာလည်း ပူးပေါင်းဆောင်ရွက်တာ အခုချိန်ထိ အားနည်း နေတာတွေ့ရပါတယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင့် ပူးပေါင်းဆောင်ရွက်သည့် စနစ်တစ်ခုကို အားကောင်းလာအောင် လုပ်ဆောင်ရန် လိုအပ်မည်ဟုဆိုသည်

ယခုဘဏ္ဍာနှစ် လက်ရှိအချိန်ထိ ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွား လေးသိန်းခန့် ဝင်ရောက်ထားပြီးဖြစ်ကြောင်း သိရသည်။

သာသနာရေးနှင့် ယာဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းယာဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်း သိမ်းရေးအတွက် ဝတ်ပြု ကြည်ညိုနေသူများ တရားထိုင်နေ သူများအား အနှောင့်အယှက်ဖြစ်စေမည့် အော်ဟစ်ဆူ ညံခြင်း၊ ကျယ်လောင်စွာပြောဆိုခြင်း မပြုလုပ်ရ၊ ရှေးဟောင်းအဆောက်အအုံများအတွင်းရှိ နံရံဆေးရေးပန်းချီများကိုပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရ ၊ နံရံဆေးရေးပန်းချီရှိသော ရှေးဟောင်းအဆောက်အအုံများအတွင်း၌ ဓာတ်ပုံရိုက်ခြင်း၊ဗီဒီယိုရိုက်ခြင်း၊ Flash မီးဖြင့် ဓာတ်ပုံ ဗီဒီယို ရုပ်ရှင်ရိုက်ခြင်း မပြုလုပ်ရ ၊ အဂါဝရဖြစ်စေမည့် ဘုရားဆင်းတုတော်များနှင့် တွဲဖက်ဓာတ်ပုံရိုက်ခြင်း ၊ဗီဒီယိုရိုက်ခြင်း၊ ဘုရားဆင်းတုများဘက်သို့ ခြေကန်ခြင်း မပြုလုပ်ရ ဟူ၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။

ထို့ပြင် ဘုရားပုံတော်နှင့် ကိုးကွယ်မှုဆိုင်ရာ ပုံတော်များအား ခန္ဒာကိုယ်တွင် ဆေးမှင်ကြောင် တက်တူးထိုးခြင်း မပြုလုပ်ရ၊ စေတီရံများနှင့် ပစ္စယံဆင့်များ၊ ဘုရား ၊ ပလ္လင်များပေါ် တက်ရောက်ခြင်း အိပ်စက်ခြင်းများ မပြုလုပ်ရ၊ ဘုရားဆင်းတုများ အပါအဝင် ရှေးဟောင်း ပစ္စည်းများအား ဝယ်ယူခြင်း ၊ ရောင်းချခြင်း၊ ဖျက်စီးခြင်း ၊ ပျက်စီးစေရန် ပြုမူခြင်းရ၊ ခိုးဝှက်၍ တရားမဝင် မှောင်ခိုရောင်းချခြင်းများ မပြုလုပ်ရ၊ရှေးဟောင်းအဆောက်အအုံများအတွင်း မဖွယ် မရာ ပြုမူနေထိုင်ခြင်း၊ စာများ ရုပ်ပုံများ ရေးသားခြင်း ရေးခြစ်ခြင်းများ မပြုလုပ်ရ၊ ရှေးဟောင်း အဆောက်အအုံများ အတွင်း မီးအသုံးပြု၍ ချက်ပြုတ်ခြင်း ၊ စားသောက်ခြင်း မပြုလုပ်ရ၊ ရှေးဟောင်းအဆောက်အအုံများအတွင်း အညစ် အကြေးများ အမှိုက်များ စွန့်ပစ်ခြင်း မပြုလုပ်ရ ဟု သတိပေးနှိုးဆော်ထားသည်။

Leave a Reply