လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ရာတြင္ ရပ္မိ ရပ္ဖ ပါဝင္လာမည္ ဟု NLD ပါတီ ေျပာ

0
3

စက္တင္ဘာလ ၃၀
ႏိုင္လင္းဦး

၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ရာတြင္ ရပ္မိ ရပ္ဖ ပါဝင္လာမည္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ မွ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ ဒုတိယဥကၠ႒ (၂) ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာသည္ ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္သည့္ မူမ်ားရွိၿပီး အရည္အခ်င္းမ်ား တူညီေနပါက လူငယ္ကို ဦးစားေပးသြားမည္ျဖစ္သည္ ။ လူငယ္ခ်င္း တူညီပါက အမ်ိဳးသမီးကို ဦးစားေပးသြားမည္ျဖစ္ၿပီး အမ်ိဳးသမီးခ်င္းတူေနလွ်င္ တုိင္းရင္းသားကို ဦးစားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္ ။

“ဒီႏွစ္မွာေတာ့ ထပ္ျပင္မယ္။ ေသခ်ာတာတစ္ခုကေတာ့ ၿမိဳ႕မိၿမိဳ႕ဖပါလာမယ္။ ၉၀ ခုႏွစ္ ကၽြန္ေတာ္တုိ႔ကို ေရြးတုန္းက ၿမိဳ႕မိၿမိဳ႕ဖကေရြးတာ။ NLD ပါတီက မေရြးဘူး။ NLD ပါတီက တစ္ေယာက္ပဲ ထုိင္တယ္။ ၉၀ ေရြးေကာက္ပြဲလုပ္ေတာ့ ရပ္မိရပ္ဖ အားေကာင္းတုန္းပဲရိွေသးတယ္။ ရပ္မိရပ္ဖေတြက ေရြးတယ္။ အခုဒီတစ္ခါ အဲဒီဟာကို အေကာင္အထည္ေဖာ္ဖို႔ ျပန္စဥ္းစားေနတယ္။´´ ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာသည္ ။

ရပ္မိရပ္ဖမ်ားအေနျဖင့္ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ရာတြင္ ဦးေဆာင္ၿပီး ေရြးခ်ယ္ရမည့္ပံုစံ စီစဥ္ထားၿပီး ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးတြင္ ဆံုးျဖတ္၍ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

“၂၀၂၀ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ေရး ေပၚလာမွာပါ။ သိပ္ေစာလြန္းေတာ့လဲ မေကာင္းဘူး။ သိပ္ေနာက္က်လို႔လဲ မေကာင္းဘူး။ ကိုယ္စားလွယ္ေလာင္း တင္ေျမာက္ေရးက ပါတီအေနနဲ႔ ေရြးမယ္။ ေရြးၿပီးလို႔ရွိရင္ EC ကို တင္ရဦးမယ္ေလ။ အခ်ိန္မီၿပီးစီးေအာင္ေတာ့ လုပ္မယ္ေလ။´´ ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ က ဆက္လက္ေျပာသည္ ။

ယခုလက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ မွ ေရြးေကာက္ခံထားရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ လႊတ္ေတာ္ကိုယ္စားလွယ္အကဲျဖတ္မွတ္တမ္းမ်ားရွိၿပီး မွတ္တမ္းမ်ားကို သံုးသပ္၍ ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

———————————————–

(Unicode)

လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ရပ်မိ ရပ်ဖ ပါဝင်လာမည် ဟု NLD ပါတီ ပြော

စက်တင်ဘာလ – ၃၀
နိုင်လင်းဦး

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ရပ်မိ ရပ်ဖ ပါဝင်လာမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်သည့် မူများရှိပြီး အရည်အချင်းများ တူညီနေပါက လူငယ်ကို ဦးစားပေးသွားမည်ဖြစ်သည် ။ လူငယ်ချင်း တူညီပါက အမျိုးသမီးကို ဦးစားပေးသွားမည်ဖြစ်ပြီး အမျိုးသမီးချင်းတူနေလျှင် တိုင်းရင်းသားကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

“ဒီနှစ်မှာတော့ ထပ်ပြင်မယ်။ သေချာတာတစ်ခုကတော့ မြို့မိမြို့ဖပါလာမယ်။ ၉၀ ခုနှစ် ကျွန်တော်တို့ကို ရွေးတုန်းက မြို့မိမြို့ဖကရွေးတာ။ NLD ပါတီက မရွေးဘူး။ NLD ပါတီက တစ်ယောက်ပဲ ထိုင်တယ်။ ၉၀ ရွေးကောက်ပွဲလုပ်တော့ ရပ်မိရပ်ဖ အားကောင်းတုန်းပဲရှိသေးတယ်။ ရပ်မိရပ်ဖတွေက ရွေးတယ်။ အခုဒီတစ်ခါ အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ပြန်စဉ်းစားနေတယ်။´´ ဟု ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

ရပ်မိရပ်ဖများအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ဦးဆောင်ပြီး ရွေးချယ်ရမည့်ပုံစံ စီစဉ်ထားပြီး ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်၍ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည် ။

“၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းရွေးချယ်ရေး ပေါ်လာမှာပါ။ သိပ်စောလွန်းတော့လဲ မကောင်းဘူး။ သိပ်နောက်ကျလို့လဲ မကောင်းဘူး။ ကိုယ်စားလှယ်လောင်း တင်မြောက်ရေးက ပါတီအနေနဲ့ ရွေးမယ်။ ရွေးပြီးလို့ရှိရင် EC ကို တင်ရဦးမယ်လေ။ အချိန်မီပြီးစီးအောင်တော့ လုပ်မယ်လေ။´´ ဟု ဒေါက်တာဇော်မြင့်မောင် က ဆက်လက်ပြောသည် ။

ယခုလက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်ကိုယ်စားလှယ်အကဲဖြတ်မှတ်တမ်းများရှိပြီး မှတ်တမ်းများကို သုံးသပ်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည် ။

Leave a Reply