ATM စက်များတွင် MPU ကတ်ဖြင့် မတူညီသည့် ဘဏ် ၂ ခုသို့ ငွေလွှဲနိုင်ပြီ

0
101

အောက်တိုဘာ ၁
ဝေဝေဖြိုး

ဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှုပြုလုပ်ရာ၌ATM စက်ကို အသုံးပြု၍ MPU ကတ်ဖြင့်မတူညီသည့် ဘဏ် ၂ခုသို့ ငွေလွှဲနိုင်ပြီဖြစ်ကြောင်း Myanmar Payment Union (MPU) ၏ CEO ဦးဇော်လင်းထွဋ်ကပြောသည်။

Myanmar Payment Union (MPU) ၏ အဖွဲ့ဝင်ဘဏ်များဖြစ်သော ရွှေဘဏ်နှင့် ရိုးမဘဏ်တို့ကြား လွယ်ကူမြန်ဆန်သော ငွေလွှဲဝန်ဆောင်မှုဖြစ်သည့် interbank fund transfer (IBFT) ဝန်ဆောင်မှုမိတ်ဆက်ခြင်း အခမ်းအနားကို ယခုလ ၁ ရက်က Melia Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

“ပြည်သူတွေငွေလွှဲတဲ့အခါမှာ လွယ်ကူ လျင်မြန်စေချင်တယ်။အချိန်မရွေး သုံးနိုင်စေချင်တဲ့အတွက် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှုကို MPU ကတ်နဲ့ မည်သည့် ATM မှာမဆို အချိန်မရွေး သွားရောက်ငွေလွှဲနိုင်အောင် မတူညီတဲ့ဘဏ်အချင်းချင်းကို ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ “ဟု ၎င်းကပြောသည်။

ဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှုသည် မတူညီသော ဘဏ် ၂ခုကြား ဘဏ်တစ်ခု၏ MPU ကတ်မှ အခြားဘဏ်တစ်ခု၏ MPU ကတ် သို့မဟုတ် ဘဏ်အကောင့်သို့ ATM စက်ကို အသုံးပြု၍ အချိန်မရွေး လွယ်ကူလျင်မြန်စွာ ငွေလွှဲပြောင်းဆောင်ရွက်နိုင်ခြင်းဖြစ်သည်

ဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှုကို ရွှေ(ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးရေး)ဘဏ်နှင့် ရိုးမဘဏ်တို့ဖြင့် ပထမဆုံး စတင်လုပ်ဆောင်ခြင်း ဖြစ်ပြီး ယင်းတို့၏ ATM များတွင် ၎င်း ဘဏ် ၂ခု၏ MPU ကတ်များဖြင့် ငွေလွှဲပြောင်းဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရှိ အခြားဘဏ်များမှလည်း အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်နိုင်ရန်အတွက် MPU ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Fedelity Switching (FIS) နည်းပညာကို ပြောင်းလဲ လုပ်ဆောင်နေပြီဟုဆိုသည်။

“လောလောဆယ်ကတော့ ဘဏ် ၂ခုပဲ စနိုင်သေးတယ်။ ရွှေဘဏ်နဲ့ ရိုးမဘဏ်ပါ။ MPU အဖွဲ့ဝင်ဘဏ် ၂၈ ဘဏ်ရှိပါတယ်၊ ဘဏ် ၂၀ က ကတ်တွေထုတ်ထားပါတယ် လောလောဆယ်တော့ ဒီဘဏ် ၂ခုပဲ စသေးတယ်။နောက်ပိုင်းကျရင် အခြားဘဏ်တွေကလဲ ဒီဟာကို ဝန်ဆောင်မှုပေးဖို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က အသက်သာဆုံးနှုန်းနဲ့ ငွေလွှဲနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်”ဟု ဦးဇော်လင်းထွဋ်ကပြောသည်။

ယင်းဘဏ် ၂ခုတွင် ဆောင်ရွက်နိုင်သော ငွေလွှဲ ဝန်ဆောင်မှုများမှာ ရွှေဘဏ်၏ ATMတွင် ရိုးမဘဏ် ကတ်ဖြင့်ဖြစ်စေ ၊ရွှေဘဏ်ကတ်ဖြင့်ဖြစ်စေ ရိုးမဘဏ်ကတ်စာရင်း သို့မဟုတ် ဘဏ်အကောင့်သို့ လည်းကောင်း ၊ရိုးမဘဏ်၏ ATM တွင် လည်း ထိုနည်းတူစွာ ငွေလွှဲဝန်ဆောင်မှု ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထိုသို့ ငွေလွှဲဆောင်ရွက်ရာ၌ ကောက်ခံသော ဝန်ဆောင်ခမှာ ပုံသေကောက်ခံမှုနှုန်း ၂၀၀ ကျပ်နှင့် ငွေလွှဲသည့်ပမာဏ၏ ၅ ပြားကိုသာ ကောက်ခံမည် ဖြစ်ပြီး MPU ကတ်ကိုင်ဆောင်သူတစ်ဦးသည် တစ်နေ့လျှင် အများဆုံးပမာဏ သိန်း ၁၀၀ အထိ လွှဲနိုင်မည်ဖြစ်သည်။

MPU အနေဖြင့် ငွေလွှဲဝန်ဆောင်မှုများကို ATM တွင် သာမက Mobile / Internet Channel များ လုပ်ဆောင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီး မတူညီသော ဘဏ် ၃ခု ကြားတွင်လည်း အဆိုပါငွေလွှဲဝန်ဆောင်မှုကို ATM ၊ Mobile နှင့် Internet များမှတဆင့် ဆောင်ရွက်နိုင်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

MPU ကို ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် ပြည်တွင်းဘဏ် ၁၇ ဘဏ်ဖြင့် စတင်တည်ထောင် ခဲ့ရာ လက်ရှိတွင် အဖွဲ့ဝင်ဘဏ် ၂၈ ဘဏ်ရှိပြီဖြစ်ပြီးလုပ်ငန်းဆောင်ရွက်ခဲ့သည့် ၇ နှစ်တာကာလအတွင်း MPU ကတ် အသုံးပြုသူ ၉ သန်းရှိပြီ ဖြစ်ကြောင်းသိရသည်။

Leave a Reply