ကာလုံခေါ်ရင် တပ်ချုပ်ကို တရားဝင် အသိအမှတ်ပြုတယ် ဆိုတဲ့ စဉ်းစားချက်မျိုးစဉ်းစားနေပါက ပဋိပက္ခ အသွင်ဆောင်သည်ဟု မြင်မိကြောင်း ဦးကိုကိုကြီးပြော

0
7

စက်တင်ဘာ ၂၉
ယဉ်ကေနွယ်

အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်းအဝေးကို ခေါ်ယူမည်ဆိုပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တရားဝင် အသိအမှတ်ပြုသည်ဆိုသည့် စဉ်းစားချက်မျိုးစဉ်းစားနေပါက ပဋိပက္ခ အသွင်ဆောင်နေဟု ဟု မြင်မိကြောင်း ပြည်သူ့ပါတီ၏ ဥက္ကဌဖြစ်သူ ဦးကိုကိုကြိးကပြောဆိုလိုက်သည်။

“အခု ဟာ က ဘယ်လိုဖြစ်နေလဲဆိုရင် ၅၉(စ) ကြောင့် သမ္မတဖြစ်ခွင့်မရှိဘူး။ ဒါက ပုဂ္ဂိုလ်ရေး ဆန်ဆန် ပိတ်ပင်ထားလို့ ဒီဘက်က ကျွန်တ်ာတို့က မြင်တယ်ခံစားချက်။ ဟိုဘက်ကကျတော့ တပ်က တပ်ချုပ်ကြီး က သက်တမ်းတိုးတဲ့ ကိစ္စ။ ဒီဟာ က သမ္မ ထောက်ခံချက်ပေးရမယ်ဆိုတဲ့ ကိစ္စ။ ပြီးလို့ရှိရင် ကာလုံ အစည်းအဝေးခေါ်ရင် တပ်ချုပ်ကို တရားဝင် အသိအမှတ်ပြုတယ်ဆိုတဲ့ စဉ်းစားချက် မျိုး အဲ့ဒါမျိုးတွေနဲ့ စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့က အင်မတ် အကဲဆက်တဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ ဘက် အမြင်နဲ့ပဲ ပဋိပက္ခ အသွင်ဆောင်နေမယ်လို့ ကျွန်တော်တို့က မြင်ပါတယ်”ဟု ဦးကိုကိုကြီးကပြောသည်။

ယနေ့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်တွင် ပြည်သူ့ပါတီ ရုံးခန်းဖွင့်လှစ်မှု အပြီးတွင် ဦးကိုကိုကြီးကို သတင်းမီဒီယာများမှ မေးမြန်းရာ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အရပ်ဘက် စစ်ဘက် အနေဖြင့် လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အလွတ်သဘောတွေ့ဆုံမှုမျိုးဖြင့် ဆက်ဆံရေးများ ပြေပြစ်အောင် တည်ဆောက်သင့်ကြောင်းလည်း ဦးကိုကိုကြီးက အကြံပြုပြောကြားခဲ့သည်။

“နောက်တစ်ခုက သီးခြားအလွတ်သဘောတွေ့ဆုံမှုတွေ ကော မရှိသင့်ဘူးလား။ စစ်ဘက်နဲ့ အရပ်ဘက်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ့ဆုံမှု အလွတ် သဘော တွေ့ဆုံမှုတွေ လုပ်ရင်းနဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ပြေပြစ်အောင် တည်ဆောက်တာမျိုးတွေ ဖြစ်သင့်တယ်လို့ ကျွန်တော်တို့က အဲ့လိုမြင်တယ်”ဟု ဦးကိုကိုကြိးကပြောသည်။

ကာ/လုံ အစည်းအဝေးသည် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊လုံခြုံရေး အခြေအနေများကို ဆွေးနွေးဆုံးဖြတ်နိုင်သည့် အနေအထားတစ်ခုဖြစ်ကြောင်း ဦးကိုကိုကြီး ကပြောသည်။

ယခု အစိုးရလက်ထက်မှ စတင်၍ ကာလုံ အစည်းအဝေးကို ယနေ့ အချိန်အထိ တစ်ကြိမ်မျှခေါ်ယူဆောင်ရွက်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

ကာ/လုံ အစည်းအဝေးခေါ်ယူခြင်းကိစ္စနှင့် ပတ်သက်လို့ တပ်မတော်ဘက်မှလည်း စစ်ဖြစ်မှသာ အစည်းအဝေး လုပ်မှာလားဟု မေးခွန်းထုတ်ကာ ပြောဆိုထားသည်။

အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီတွင် နိုင်ငံတော်သမ္မတ၊ဒုတိယသမ္မတ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဌ ၂ ဦး နှင့် သက်ဆိုင်ရာဌာနမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကာလုံနှင့် ပတ်သက်လို့ စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကာလုံ၏ တာဝန်နှင့် သက်ဆိုင်သည့် ဖြည့်စွက်မှုများပါဝင်သည့် ခြေ/ဥ ပြင်ဆင်ရေး ဥပဒေကြမ်း တစ်ရပ်ကိုလည်း တင်သွင်းထားကြောင်း သိရသည်။

———————————————

(Unicode)

Leave a Reply