ပညာရေးဝန်ကြီးဌာနမှ အဆုံးအဖြတ်ပေးနိုင်သည့် သူများလာရောက် မတွေ့မဆုံမချင်း အစာငတ်ခံဆန္ဒပြမည်

0
192

မန္တလေး ၊ ဇန်နဝါရီ ၂၄၊ ၂၀၁၈

ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ရတနာပုံတက္ကသိုလ်အတွင်း သပိတ်မှောက်တောင်းဆိုနေသည့် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား များ အနေဖြင့် ပညာရေးဝန်ကြီးဌာန မှ အဆုံးအဖြတ်ပေးနိုင်သည့် သူများ လာရောက် မတွေ့မဆုံမချင်း ကျောင်းသားအချို့ အစာငတ်ခံ ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့အစာငတ်ခံဆန္ဒပြမှုကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ပြီး ကျောင်းသား (၃) ဦးမှ လုပ်ဆောင်သွားမည်ဖြစ်ကာ ကိုကျော်သီဟ ရဲကျော် (ရတနာပုံတက္ကသိုလ်) ၊ နောင်ထက်အောင် (စစ်ကိုင်းပညာရေး တက္ကသိုလ်) နှင့်ကိုမင်းထက်မြတ် (မိတ္ထီလာတက္ကသိုလ်) တို့ဖြစ်သည်။

“ခုဆန္ဒပြတဲ့ ကျောင်းသား တွေထဲက ကျောင်းသားတစ်ချို့ အစာငတ်ခံ ဆန္ဒပြသွားဖို့ရှိတယ် ။ ဘယ်အချိန်ထိလဲဆိုတော့ ကျွန်တော်တို့ကို ပညာရေးအသုံးစရိတ်တိုးမြှင့်ဖို့အတွက် အမှန်တကယ် ညှိနှိုင်းပေးနိုင် တဲ့အဖွဲ့က ရတနာပုံတက္ကသိုလ်ထဲအထိ လာရောက် မညှိနှိုင်းမချင်း အစာငတ်ခံဆန္ဒပြမယ် ။ သပိတ်စခန်းဖြိုခွင်းခံရရင်တော့ ရပ်နားသွား မယ်”ဟု ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး တိုက်ပွဲကော်မတီဝင် ကိုနောင်ထက်အောင် က ပြောသည်။

ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ကျောင်းသားသမဂ္ဂ (၂၀)ကျော်က ဇန်နဝါရီလ ၂၂ ရက်န့ကစတင်ပြီး ယနေ့အချိန်အထိ ပူးပေါင်းတောင်းဆို ခဲ့သည့်အတွက် ပညာ​ရေးဝန်​ကြီးဌာန ကိုယ်​စားလှယ်​အဖြစ်​ အဆင့်​မြင့်​ ပညာဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ်​ ဒေါက်တာ သိန်းဝင်းနှင့်​ အ​ခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်​ကြားရေးမှူးချုပ်​ ဒေါက်တာအောင်​​အောင်​မင်း တို့မှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့ပေ။

လာရောက်ညှိနှိုင်းမှုများပြုလုပ်ပေးသည့် ပညာ​ရေးဝန်​ကြီးဌာန ကိုယ်​စားလှယ်​များမှ ပညာရေးအသုံးစရိတ်တိုးမြှင့်ရန်အတွက် တင်ပြတောင်းဆို ပေးမည်ဆိုသော်လည်း သပိတ်မှောက်ကျောင်းသားများက တိကျသည့် အဆုံးအဖြတ်သာ ရယူလိုခြင်းဖြစ်သည်။

နိုင်လင်းဦး

Leave a Reply