နေပြည်တော်တွင် Sport Tourism ကို လာမည့်နှစ်အတွင်း လုပ်ဆောင်နိုင်ရန် ဆွေးနွေးနေ

0
23

အောက်တိုဘာ ၎
ဝေဝေဖြိုး

နေပြည်တော်တွင် အားကစားအခြေခံသည့် Sport Tourism ကို လာမည့်နှစ်အတွင်း လုပ်ဆောင်နိုင်ရန် နေပြည်တော်ဇုန်နှင့် ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

“နေပြည်တော်မှာ အားသာချက်တွေ အများကြီးရှိတယ်။ ဟိုတယ်တွေလဲ အများကြီးရှိတယ် ။ အဲ့မှာက facility တွေအများကြီးရှိတယ်။ မကြာခင်မှာ အားကစားအခြေခံတဲ့ Sport Tourism လုပ်ဖို့ရှိတယ်။”ဟု ၎င်းကပြောသည်။

နေပြည်တော်တွင် ရေကူးကန်များ ၊ နိုင်ငံတကာအဆင့်မီပြိုင်ကွင်းများ ၊ ဂေါက်ကွင်းများရှိခြင်းကြောင့် ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ခရီးသွားများအား ဆွဲဆောင်ရာတွင် အားသာချက်ရှိသည်ဟုဆိုသည်။

အားကစားနှင့်ပတ်သက်၍လည်း စက်ဘီးပြိုင်ပွဲ ၊ဆိုင်ကယ်ပြိုင်ပွဲ နှင့် ကားပြိုင်ပွဲအထိပါ လုပ်ဆောင်နိုင်သောကြောင့် Sport Tourism ကို ဦးစားပေး၍ ဖွံ့ဖြိုးအောင် လုပ်ဆောင်မည် ဟုဆိုသည်။

“အဲ့လိုဟာတွေ အများကြီးအားသာချက်တွေ နေပြည်တော်မှာ ရှိတယ်။ ဒါကိုလဲ နေပြည်တော်ဇုန်နဲ့ အသေးစိတ် ဆွေးနွေးနေပါတယ်။ အခုကတော့ အစည်းအဝေး လာတက်မယ် ။ပြီးရင် ပြန်မယ်ဆိုတာလောက်ပဲ ရှိသေးတယ်။ အများကြီးကျယ်ကျယ်ပြန့်ပြန့်ကြီးတော့ မဖြစ်နိုင်သေးဘူး ။ ဒါပေမယ့် လုပ်လို့ရတဲ့ အလားအလာကောင်းတဲ့ အရာတွေ အများကြီးရှိပါတယ်။”ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ယခုနှစ်တွင် Sport Tourism လုပ်ဆောင်ရန် ပြင်ဆင်နေပြီ ဖြစ်သောကြောင့် ၂၀၂၀ ခုနှစ်တွင် စတင်လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

“အခုပြင်ဆင်နေပြီဆိုတော့ ၂၀၂၀ မှာ ဖြစ်လာမှာပါ။ရန်ကုန်မှာ မိုးရွာတဲ့အချိန် နေပြည်တော်မှာ တချို့ Indoor လုပ်လို့ရတဲ့ဟာမျိုးတွေ အားကစားလှုပ်ရှားမှု လုပ်လို့ရတဲ့ဟာမျိုးတွေကို တားကတ် ထားလိုက်မယ်ဆိုရင် ဒါတွေက ဖွင့်မယ်။၂၀၁၉ ကတော့ မမီတော့ဘူး၊ ၂၀၂၀ မှာ အမီ လုပ်ဖို့ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် နေပြည်တော်အနီးနားတွင်ရှိသော ခရီးသွားများ စိတ်ဝင်စားရာ နေရာများကို ခရီးသွား ကုမ္ပဏီများနှင့် များစွာ ထိတွေ့မှုရှိအောင် fan trip များ စီစဉ်သွားမည်ဖြစ်ပြီး ပြည်တွင်းခရီးသွားများသာမက ပြည်ပ ခရီးသွားများကိုပါ ရောင်း၍ရအောင် ညှိနှိုင်းနေသည်ဟုဆိုသည်။

လက်ရှိအချိန်မှစ၍ အားကစားခရီးသွားလုပ်ငန်း (Sport Tourism) နှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း(Gastronomy Tourism)တို့ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပြီးခရီးသွားလုပ်ငန်းရှင်များမှလည်း ဆောင်ရွက် ၀န်ဆောင်မှုပေးနေသည့် နယ်စပ် ဖြတ်ကျော် ကားမောင်းပြိုင်ပွဲများ၊ စက်ဘီးစီးပြိုင်ပွဲများ၊ ဆိုင်ကယ်စီးပြိုင်ပွဲများ၊ အပြေးပြိုင်ပွဲများနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားပါက ပို၍ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကာ အောင်မြင်မှုများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောဆိုထားသည်။

Leave a Reply