ရတနာပုံတက္ကသိုလ်ရှိ ကျောင်းသားများ သပိတ်စခန်း ဖြိုခွင်းခံရ

0
154

မန္တလေးမြို့၊ ဇန်နဝါရီ ၂၅၊ ၂၀၁၈

မန္တလေးမြို့ ရတနာပုံတက္ကသိုဘ်တွင် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး တောင်းဆိုသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်များ၏ သပိတ်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီကျော်အချိန်က ဖြိုခွင်းခံခဲ့ရသည်။

သပိတ်စခန်းဖြိုခွင်းရာတွင် အရပ်ဝတ်များဖြင့် ပါးစပ်အုပ်များ တပ်ထားသည့် လူ အယောက် (၂၀၀) ခန့်က လာရောက် ဖမ်းဆီးပြီး မန္တလာသီရိအားကစားကွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ကျွန်တော်တို့ မန္တလာသီရိအားကစားကွင်းရောက်တော့ နေရပ် လိပ်စာတွေမေးတယ် ။ ပြီးတော့ သက်ဆိုင်ရာ ထွေအုပ်တွေက အိမ်တွေလိုက်ပို့တယ် ။ ကျွန်တော်ဆို မြင်းခြံ ထွေအုပ်ရုံးကနေ မိဘတွေ လက်ထဲအပ်လိုက်တယ်ဆိုတဲ့ပုံစံလုပ်တယ် ။ မိဘတွေ လာခေါ်တယ်” ဟု ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင် ကိုကျော်သီဟရဲကျော် က ပြောသည်။

ယခုလို သပိတ်စခန်းဖြိုခွဲပြီး ကျောင်းသားများကို နေရပ်ပြန်ပို့ပေမယ့် တောင်းဆိုမှုများကို ပုံစံအမျိုးမျိုးပြုလုပ်သွားမည်ဖြစ်ကာ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင်များ ပြန်လည်တွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ခုလိုဖြိုခွင်းပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် လာတယ် ။ ဘာမှမပြောပါဘူး ။ ဘယ်ကလဲ ဆိုတာလောက်ပဲမေးတယ် ။ မိဘတွေဆီရောက်မှ လုပ်ချင်တာ ဆက်လုပ်ဖို့ပြောတယ် ။ ဒီလိုဖြိုခွင်းတာ အရင်အစိုးရလက်ထက်က ပုံစံအတိုင်းဖြစ်နေတယ်”ဟု ကိုကျော်သီဟရဲကျော် က ဆက်လက် ပြောသည်။

ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ကျောင်းသားသမဂ္ဂ (၂၀)ကျော်က ဇန်နဝါရီလ ၂၂ ရက်န့ကစတင်ပြီး ယနေ့အချိန်အထိ ပူးပေါင်းတောင်းဆိုခဲ့သည့်အတွက် ပညာ​ရေးဝန်​ကြီးဌာန ကိုယ်​စားလှယ်​အဖြစ်​ အဆင့်​မြင့်​ပညာဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ်​ ဒေါက်တာ သိန်းဝင်းနှင့်​ အ​ခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်​ကြားရေးမှူးချုပ်​ ဒေါက်တာအောင်​​အောင်​မင်း တို့မှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ပြေလည်မှုမရရှိခဲ့ပေ။

“ကျွန်တော်တို့ ပြန်ပြီးလာခဲ့မယ် ။ တောင်းဆိုမှုကို ရပ်တန့်မှာမဟုတ်ဘူး ။ ဆက်လက်တောင်းဆိုသွားမှာပါ”ဟု ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင် ကိုနောင်ထက်အောင် က ပြောသည်။

ထိုသို့ သပိတ်စခန်းဖြိုခွင်းရာတွင် အကြမ်းဖက်မှုများ မပါဝင်ခဲ့ပေမယ့် သက်ဆိုင်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့က သတင်းထုတ်ပြန်ပေးခြင်းမရှိသေးပေ။

နိုင်လင်းဦး

Leave a Reply