ပထမဆုံးအောင်ဆန်းသူရိယဘွဲ့ရ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို နှစ်၁၀၀ပြည့်ပွဲပြုလုပ်မည်

0
187

ရန်ကုန် ၊ဇန်န၀ါရီ ၂၅ ၊ ၂၀၁၈

မြန်မာ့တပ်မတော်သမိုင်းတွင် ပထမဆုံးအောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို နှစ် ၁၀၀ပြည့်ပွဲကို တွံတေးမြို့ ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးအောင်ဆန်း သူရိယ အေးချိုအသင်း ဥက္ကဋ္ဌ ဦးမျိုးအောင်ကပြောသည်။

” ကျွန်တော်တို့က အခမ်းအနားကိုနှစ်ပိုင်းလုပ်ဖို့စီစဉ်ထားပါတယ်။ ဒီဖေဖော်ဝါရီ ၂၂ရက်နေ့မှာ သူအသက်၁၀၀ပြည့်ပြီပေါ့။ ဒါပေမယ့် ကလေးတွေစာမေးပွဲအချိန်ကလည်းတိုက်နေတော့ အဲ့နေ့မှာတော့ မိဘဂုဏ်ဘိုးဘွားရိပ်သာမှာ သံဃာတော်တွေကိုဆွမ်းကပ်မယ်။ ဘိုးဘွားတွေကိုကုသိုလ်ဒါနပြုမယ်။ ညပိုင်းတရားပွဲလုပ်မယ်။ မတ်လ၂၁ရက်နေ့ကနေ၂၇ရက်နေ့အထိကိုတော့ ဈေးရောင်းပွဲတော် ပျော်ပွဲရွှင်ပွဲတွေလုပ်ဖို့ အသင်းအနေနဲ့တိုင်ပင်နေပါတယ်”ဟု ဦးမျိုးအောင်ကပြောသည်။

ဗိုလ်မှူးအောင်ဆန်းသူရိယအေးချိုသည် ပဲခူးတိုင်း၊ နတ္တလင်းမြို့ တိုက်ပွဲတွင်၁၉၄၈ခုနှစ် ၊သြဂုတ်လ ၂၀ရက်နေ့တွင် ကျဆုံးခဲ့ပြီး ၁၉၄၉ခုနှစ်တွင် အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံးအပ်နှင်း ခံရသူဖြစ်သည်။

“နိုင်ငံတော်အဆင့်ပွဲတစ်ခုဖြစ်ဖို့အတွက် အစိုးရဘက်ကိုရော၊ တပ်မတော်ဘက်ကထိပ်ပိုင်းခေါင်းဆောင်တွေရော ဖိတ်ကြား သွားဖို့အစီအစဉ်ရှိပါတယ်။ နှစ်ပေါင်း ၇၀အတွင်းမှာ အောင်ဆန်း သူရိယဘွဲ့ရ ၆ဦးပဲရှိခဲ့တာ ပထမဆုံးဘွဲ့ ရပြီးတော့ လွတ်လပ်ရေး တိုက်ပွဲမှာလည်းပါဝင်ခဲ့တယ် BIA ၊ BDA ခေတ်မှာလည်း ပါဝင်ခဲ့တဲ့ သူလည်းဖြစ်တော့ လွတ်လပ်ရေးသမိုင်းမှာ အာဇာနည်လို့ ဆိုရမယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါပွဲတွင် အစိုးရနှင့်တပ်မတော်ခေါင်းဆောင်များကို ဖိတ်ကြား သွားမည် ဖြစ်ကြောင်း အဆိုပါအသင်းထံမှသိရ သည်။

ကိုဥာဏ်

Leave a Reply