ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှု ဒေသခံများ ကန့်ကွက်ဆန္ဒပြ

0
159

မန္တလေး၊ ဇန်နဝါရီ ၂၅၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီး မြင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေး စွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား ဇန်နဝါရီလ ၂၅ ရက်နေ့က ဒေသခံများမှ ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါသည်။

ယင်းကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက် နေမှုအားဖျက်သိမ်းပေးရန် အောင်သပြေကျေးရွာ၊ မြကန်သာကျေးရွာ၊ သရက်ကိုင်းကျေးရွာ၊ ထုံးဘိုကျေးရွာ၊ ပြည်သာယာကျေးရွာ၊ကင်းရွာ ၊စာတိုက်တကာကျေးရွာ တို့မှ ရွာသူ ရွာသားများ က ဆန္ဒဖော်ထုတ် ခဲ့ကြခြင်း ဖြစ်သည်။

“ခုလုပ်မယ့်စက်ရုံက လူနေရွာတွေနဲ့ နီးနေတယ် ။ စလုပ်နေတဲ့အချိန်မှာ ရွာလမ်းတွေကို သုံးတဲ့အတွက် ရွာလမ်းတွေလည်း ပျက်စီးတယ် ။ တကယ်လို့ဒီစက်ရုံပြီးစီးသွားရင် ဒေသခံတွေရဲ့ ကျန်းမာရေးတွေ ထိခိုက်လာနိုင်တယ် ။ နောက်ပြီး လယ်ယာမြေတွေလည်း ပျက်စီးလာနိုင်တယ် ။ ဒါ့ကြောင့်ခုလိုဆန္ဒပြတောင်းဆိုတာဖြစ်တယ်”ဟု ဦးဆောင်ဆန္ဒပြသူ ဦးရွှေအုန်းက ပြောသည်။

ဆန္ဒပြတောင်းဆိုသူများသည် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း အလိုမရှိ၊ အလိုမရှိ ၊ သဘာဝပတ်ဝန်းကျင် ဖျက်စီးသူ ပြည်သူ့ရန်သူ၊တို့ရန်သူ၊ဒေသခံပြည်သူများဆန္ဒမပါသော လုပ်ငန်းများ ချက်ချင်းရပ် ၊ ချက်ချင်းရပ် စသည့်ကြွေးကြော်သံများဖြင့် ကျေးရွာများကို ပတ်ကာ စီမံကိန်းဆောင်ရွက်နေသည့် နေရာအထိ လမ်းလျှောက် ချီတတ်ခဲ့ကြသည်။

“ခုစီမံကိန်းတောင်မစသေးဘူး ။ ကျေးရွာမှာ အားလုံးအသုံးပြုတဲ့ရေကန် ပျက်စီးတယ် ။ နွေဆိုရေရှားလာပြီ ။ဒါတွေကို မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ လာကြည့်ပြီး ဖြေရှင်းပေးစေချင်တယ်”ဟု ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်ခင်နွှဲ့ကြည်ကပြောသည်။

ဒေသခံများအနေဖြင့် လက်ရှိတည်ဆောက်နေသည့် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံးအား ရပ်တန့်ပေးရေးကို သက်ဆိုင်ရာမှ အမြန်ဆုံးဖြေရှင်းပေးရန်တောင်းဆိုခဲ့သည့်အပြင် ဖြေရှင်းမှုများပြုလုပ် မပေးပါကလည်း စက်ရုံတည်ဆောက်သည့်နေရာတွင် သပိတ်စခန်းဖွင့်၍ တားဆီးသွားမည် ဖြစ်ကြောင်း ဆန္ဒပြသူများထံက သိရသည်။

ထိုစက်ရုံစီမံကိန်းမပြုလုပ်ရန်အတွက် ဒေသခံများအနေဖြင့် ၂၀၁၄ ခုနှစ် ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်စာများနှင့် ကန့်ကွက် စာများ ကို အကြိမ်ကြိမ်တင်ပြခဲ့သော်လည်းဖြေရှင်း ဆောင်ရွက် ပေးခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply