မန္တလေးရှိ တရားရုံးအချုပ်များတွင် အချုပ်သားများ အဆမတန်များနေ

0
196

ဒီဇင်ဘာ ၁၊ ၂၀၁၇ ။

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်တရားရုံးအချုပ်များတွင် ရုံးထုတ်အချုပ်သားများ အဆမတန် များပြားနေမှုကြောင့် အချုပ်ခန်းများမဆံ့ဖြစ်နေကြောင်း မြို့နယ်တရားရုံးများ၏ တရားရုံးပြန်ကြားရေးများထံမှ သိရသည်။

အချုပ်သားများခြင်းမှာ ရုံးချိန်းခေါ်ရာတွင် သက်သေမရှိခြင်း ၊ တရားစွဲအဖွဲ့အစည်းအချို့၏ ရုံးချိန်းပျက်ကွက်ခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်းသိရသည်။

“တကယ် အယောက် ၃၀ လောက်တောင်ကြပ်ကြပ်နဲ့ ထားနေရတဲ့တရားရုံးအချုပ်တွေမှာ အယောက် ၆၀ လောက်အထိ ထားနေရတယ် ။ ကျွန်တော်တို့ဘက်ကတော့ အမှုကို အမြန်ဆုံးပြီးချင်တော့ တစ်ပတ်တခါ ရုံးချိန်းပေးတယ် ။ သက်သေခေါ်လာဖို့ ရဲတို့ ထွေအုပ်တို့ကိုပြောတယ် ။” ဟု မြို့နယ်တရားရုံးပြန်ကြားရေးအရာရှိတစ်ဦး က ပြောသည် ။

မန္တလေးမြို့မှာ ညပိုင်းသောက်စားမူးယစ်သူများကို ဖမ်းစီးသည့်စီမံချက်ချအပြီးနောက် တစ်ရက်လျှင် တရားခံ ၂၀ ကျော် အထိဖမ်းစီးရမိပြီး ရုံးထုတ်တဲ့အခါ အခက်အခဲဖြစ်ကြောင်း သိရပါသည် ။

“အချုပ်ခန်းတွေ တိုးချဲ့ဖို့ကိုတော့ ပြည်ထောင်စုမှာ ဘတ်ဂျက်တွေ ခွဲဝေတဲ့အခါမှာ ကျွန်မတို့ဆောင်ရွက်ဖို့ရှိပါတယ် ။ ဒါကိုလည်း ခရိုင်တွေ မြို့နယ်တွေအကြောင်းကြားပြီးဖြစ်ပါတယ် ။ ဘတ်ဂျက်ဆိုတာကလည်း ဘတ်ဂျက်ကာလရောက်မှ တောင်းလို့ရတာဖြစ်ပါတယ် ။” ဟု မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ခေါ်ခင်ခင်ချို က ပြောပါသည် ။

ထို့အပြင် တရားရုံးအချုပ်များ အကျဉ်းထောင်များတွင် အချုပ်သားများ အဆင်ပြေမှု ရှိမရှိကို ကွင်းဆင်းစစ်ဆေးသွားဖို့ရှိကြောင်းလည်း သိရပါသည် ။

Leave a Reply