၉ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲတွင် ဆုငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် ချီးမြှင့်မည်

0
120

အောက်တိုဘာ ၂၉
ဝေဝေဖြိုး

နိုဝင်ဘာလ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ၉ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲတွင် ဘဏ္ဍာသိမ်းရငွေ ကျပ် သန်း ၂၅၀ အပါအဝင် ဆုငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်းပေါင်း ၃၀၂၇၂ ဒသမ ၆၆၀ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်း ခွဲဝေ ချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်းပေါင်း ၁၈၁၆၃ ဒသမ ၅၉၆ ဖြစ်သည်။

” လာမယ့် ထီဆုဖွင့်ပွဲအတွက် ကျွန်တော်တို့ အနေနဲ့ ထီအက္ခရာ အလုံးရေ ၃၇ လုံးကို ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၈) ကြိမ်မြောက် ထက် အက္ခရာ ၂ လုံး လျော့ချ ရောင်းချခဲ့တာ ဖြစ်တဲ့အတွက် ဆုမဲ အရေအတွက် က ပြီးခဲ့တဲ့ အကြိမ်ထက် နည်းနည်း လျော့ကျ သွားပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ထီဖွင့်ပွဲအတွက် ‘က’ အက္ခရာမှ ‘ကဃ’ အက္ခရာအထိ စုစုပေါင်း အက္ခရာအလုံးရေ ၃၇ လုံး ရောင်းချခဲ့ပြီး ထီစာအုပ်ပေါင်း ၃၀၂၇၂၆၆ ဖြစ်ကာ ထီလက်မှတ်စောင်ရေမှာ ၃၃၂၉၉၉၂၆ စောင် ရောင်းချခဲ့ကြောင်းသိရသည်။

“ထီစာအုပ်တွေကို ရုံးအနေနဲ့ ကုန်စင်အောင် ရောင်းချ နိုင်သော်လည်းပဲ တချို့ထီဆိုင်တွေမှာ တော့ လက်ကျန်ထီတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် (၉) ကြိမ်မြောက် တစ်ထောင် ကျပ်တန် ထီမှာ အက္ခရာ ၃၇ လုံး၊ ထီစာအုပ်ပေါင်း ၃၀၂၇၂၆၆ အုပ်ပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အက္ခရာ ၃၇ လုံးသည် ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ ဖြန့်ဖြူးရောင်းချနိုင်မယ့် အခြေအနေအားဖြင့် သင့်တော်တဲ့ အနေအထား ရှိပါတယ်”ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၉ ကြိမ်မြောက် သိန်းဆုထီဖွင့်ပွဲတွင် အထူးဆုကြီး စနစ်ဖြင့် ကျပ် တစ်သိန်းတစ်သောင်းငါးထောင် (၁) ဆု၊ ကျပ် သိန်းတစ်သောင်း (၁) ဆု၊ ကျပ် သိန်း ငါးထောင် (၂) ဆု၊ ကျပ် သိန်းနှစ်ထောင် (၄) ဆု၊ ကျပ် သိန်းတစ်ထောင် (၇) ဆု၊ ဆုတစ်ဆုချင်း စနစ်ဖြင့် ကျပ် သိန်းငါးရာ ၁၄ ဆု ၊ ကျပ် သိန်းနှစ်ရာ ၁၈ ဆု ၊ ကျပ် သိန်းတစ်ရာ ၂၄ ဆု ၊ ကျပ် သိန်း ငါးဆယ် ၂၆ ဆု ၊ ကျပ် သိန်း နှစ်ဆယ် ၂၈ ဆု ၊ ကျပ်ဆယ်သိန်း ၃၂ ဆုနှင့် ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၁၅၀ ဆု ၊ ကျပ်နှစ်သိန်း ၁၅၀၀ ဆု ၊ ကျပ်တစ်သိန်း ၁၈၀၀၀ ဆု ၊ ကျပ် ငါးသောင်း ၁၉၀၀၀၀ ဆု ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူ ခြင်း မရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ် သန်း ၂၅၀ အား တစ်ဆုချင်း ဆုမဲဖြင့် ကျပ် ၁၀ သိန်း ၄ ဆုနှင့် ဝေဝေဆာဆာ ဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂၀၀၀ ဆု၊ စုစုပေါင်း ၂၂၂၄ ဆု ကိုလည်း ထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၉ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲကို နိုဝင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Leave a Reply