ရဲတပ်ဖွဲ့ဝင် အချင်းချင်း ဖိနှိပ်မှုများ နှင့် ကိုယ်ထိလက်ရောက် လုပ်မှုကို ရှင်းလင်း

0
275

မန္တလေး၊ ဇန်နဝါရီ ၂၆၊ ၂၀၁၈

မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမှတ် (၄) ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ဖိနှိပ်မှုများ၊ ကိုယ်ထိလက်ရောက်လုပ်မှုများ နှင့် ပတ်သတ်၍ ကာယကံရှင်ရဲတပ်သား နှင့် ဇနီးမှ ဇန်နဝါရီလ ၂၆ ရက်နေ့ က မီဒီယာစင်တာ မန္တလေးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၂ ခန့်က အမှတ် (၄) ရဲစခန်းမှ ရဲတပ်သား သန်းဖြိုးအောင် မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ဇနီးဖြစ်သူ မပွင့်ဖြူခိုင် ကို ရဲအုပ် ရဲကျော်သူ နှင့် ဇနီး ၊ ရဲတပ်သား စိုင်းအာကာဖြိုး နှင့် ဇနီး တို့က ကိုယ်ထိလက်ရောက် ထိုးကြိတ် ကန်ကြောက်မှုများ ၊ ဆဲဆိုမှုများ ပြုလုပ်ခဲ့သည်။

“အဲ့ဒီဖြစ်တဲ့နေ့က ရဲတပ်သား စိုင်းအာကာဖြိုး က အရက်မူးပြီး ခွေးတွေကို ဆူပူနေတယ် ။ ကျွန်မသားက နေမကောင်းတော့ သွားပြောတော့ ခွေးဟောင်တိုင်းထမကြည့်ဘူး ဆိုပြီးပြောတယ် ။ အဲ့ဒါနဲ့ ကျွန်မက စခန်းမှူး ကို တိုင်မယ်ဆိုတော့ ရဲတပ်သား စိုင်းအာကာဖြိုး နဲ့ သူ့ဇနီးကဆဲတယ် ။ ညစ်ညစ်ပတ်ပတ်ဆဲတယ် ။ ခဏနေတော့ ရဲအုပ် ရဲကျော်သူ နဲ့ ဇနီးကပါ ကျွန်မကို ဆူတယ်ဆိုပြီး ဝိုင်းလုပ်တယ် ။ အဲ့ဒါနဲ့ ကျွန်မယောက်ျားက ညအိပ်ကင်းစောင့်ရမှာဖြစ်လို့ ပိုက်ဆံ လာတောင်း တယ် ။ သူကလည်း ရဲအုပ်ပါနေတော့ ဝင်မလုပ်ရဲဘူး ။ ကျွန်မကိုပဲ တားနေတယ် ။ မကြာပါဘူး စခန်းမှူးက ရောက်လာပြီး ကျွန်မယောက်ျား ကို မင်းမဆူနဲ့ ဆူရင် အချုပ်ထဲထည့်မယ်ပြောတယ် ။ တကယ်မူးပြီး ဆူတဲ့သူကိုကျဘာမှ မပြောဘူး။´´ ဟု ရဲတပ်သား သန်းဖြိုးအောင်၏ ဇနီးဖြစ်သူ မပွင့်ဖြူခိုင် က ပြောသည်။

ထိုသို့ ရဲအုပ် ရဲကျော်သူ နှင့် ဇနီး ၊ ရဲတပ်သား စိုင်းအာကာဖြိုး နှင့် ဇနီး တို့၏ ထိုးကြိတ်ကန်ကြောက်မှုကြောင့် နှာသွေး ယိုခြင်း ၊ ဆီးအိမ် အောင့်ခြင်း နှင့် မျက်နှာ ၊ ခန္ဓာကိုယ်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည် ။ ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး စခန်းတွင် အမှုဖွင့် တိုင်ချက်ရေးပေး သော်လည်း ရဲအရေးမပိုင်ဘူး ဟုဆိုကာ အမှုဖွင့်မပေးသည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အထက်အဆင့်ဆင့်ကို စာတင်တိုင်ကြားပြီးဖြစ်ကြောင်း သိရသည် ။

“ကျွန်တော်တို့ စခန်းမှာ ဖိနှိပ်မှုတွေများတယ် ။ ကျွန်တော် ခုလို မီဒီယာကို လာပြောတာကိုပဲ ရဲစည်းကမ်းထိန်းသိမ်းရေးနဲ့ အရေးယူချင် ယူနေမှာ ။ ကျွန်တော် မမှန်ပဲနဲ့ လာမပြောပါဘူး ။ ခုဟာက ဖိနှိပ်မှုများလွန်းလို့ မီဒီယာကနေ ဖွင့်ချတာပါ ။ ဖြစ်လာမယ့် နောက်ဆက်တွဲ ကို ကျွန်တော်ခံမယ် ။´´ ဟု ရဲတပ်သား သန်းဖြိုးအောင် က ပြောသည်။

ရဲတပ်သား သန်းဖြိုးအောင် နှင့် ဇနီးဖြစ်သူ မပွင့်ဖြူခိုင်တို့မှာ စခန်းလိုင်းခန်းသို့ မပြန်ရဲဖြစ်နေပြီး ညသန်းခေါင်ကျော် အိပ်ချိန် မှ လိုင်းခန်းသို့ ပြန်ရကြောင်း သိရသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သတ်ပြီး မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင် က တိုင်စာမရောက်သေးသည့်အတွက် မည်သည့် အရေးယူမှု မှ ဆောင်ရွက်ထားခြင်းမရှိကြောင်း ပြောသည်။

နိုင်လင်းဦး

Leave a Reply