“ တူရကီနှင့်ဆီးရီးယားတို့ ရင်ဆိုင်အတွေ့ ”

0
75

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက် နှင့် ၃ ရက်တို့တွင် ဆီးရီးယားအစိုးရစစ်တပ်နှင့် တူရကီစစ်တပ်တို့သည် မထင်မှတ်ဘဲ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။ ဆီးရီးယားနယ်စပ် Idlib မြို့တွင် တပ်စွဲထားသော တူရကီတပ်ဖွဲ့ဝင်များနှင့် ဆီးရီးယား တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်ပြီး လက်နက်ငယ် လက်နက်ကြီးမျိုးစုံသုံး၍ ရင်ဆိုင်ပစ်ခတ်ခဲ့ကြခြင်းဖြစ်လေသည်။

၂၁ ရာစုတွင် နှစ်နိုင်ငံတပ်မတော်များ ထိုသို့လက်နက်ငယ်တစ်ကမ်းထိ ရင်ဆိုင်ပစ်ခတ်ကြသော ဖြစ်စဉ်များ မရှိသလောက်ပင်ဖြစ်သောကြောင့် ထူးခြားသည်ဟု ဆိုရမည်ဖြစ်ပေသည်။ Idlib မြို့သည် ဆီးရီးယားအနောက်ဖက်နယ်စပ်တွင်ရှိသောမြို့ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းက တူရကီနှင့် ကာ့ဒ် သူပုန်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သော မြို့လည်း ဖြစ်လေသည်။ တူရကီတပ်များမှ အကဲကြည့်စခန်းများအဖြစ် တပ်စွဲထားသောမြို့လည်းဖြစ်သည်။

ယခု ၂၀၂၀ တွင် အဆိုပါမြို့အားပြန်လည်သိမ်းပိုက်လိုသော ဆီးရီးယားတပ်များနှင့် တူရကီတပ်များ ထိပ်တိုက်တွေ့ကြခြင်းဖြစ်လေသည်။ ဖေဖော်ဝါရီ ၃ ရက်တွင် အဆိုပါ Idlib မြို့၌ နှစ်ဖက်တပ်များ ရင်ဆိုင်ပစ်ခတ်ရာမှ နှစ်ဖက်အမြှောက်တပ်များနှင့် ဒုံးတပ်များ အပြန်အလှန် ပစ်ခတ်ကြသည်အထိ ပိုမိုပြင်း ထန်လာခဲ့သည်။ ဆီးရီးယားဘက်မှ အတွဲလိုက်ပစ် ဒုံးလက်နက်များဖြင့် တူရကီတပ်များအခြေပြုနေရာသို့ ပစ်ခတ်ခဲ့ပြီး တူရကီ အမြှောက်တပ်များမှလည်း ဟောင်ဝင်ဇာအမြှောက်များအသုံးပြုကာ ဆီးရီးယားနိုင်ငံတွင်းရှိပစ်မှတ်များအားပစ်ခတ်လျှက်ရှိသည်။

ထို့အပြင် ဆီးရီးယားနိုင်ငံအတွင်းသို့ တူရကီ စစ်ကူတပ်များစွာ ချီတက်သွားသောကြောင့် စစ်ပွဲတာရှည်မည်ကို စိုးရိမ်နေကြပြီဖြစ်သည်။ ယခု နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွင် တူရကီစစ်သား ၆ ဦးကျဆုံးကာ ၁၅ ဦး ဒါဏ်ရာရရှိသွားပြီးဆီးရီးယားအစိုးရစစ်တပ်မှ စစ်သား များလည်း ကျဆုံးသည်ဟု ဆိုသည်။ တူရကီသမ္မတ အာဒိုဂန်သည် ချက်ချင်းပင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၄င်းတို့ဘက်မှ အစွမ်းကုန်တိုက်ခိုက်သွားမည်ဟု အတိအလင်းပြောကြားခဲ့လေသည်။

အာဒိုဂန်၏ ပြောကြားချက်အရ တူရကီစစ်သား ၆ ဦးနှင့် တူရကီသြဇာခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးသွားပြီး ၁၅ဦး ဒါဏ်ရာရသည်ဟု သိရသည်။ဆီးရီးယားတပ်ဖွဲ့ဝင် ၃၅ ဦးခန့် ကျဆုံးဒါဏ်ရာရအောင် တူရကီတို့ဘက်မှ တိုက်ခိုက်ခဲ့သည်ဟုလည်းဆိုသည်။ အာဒိုဂန်မှ မိမိတို့အနေဖြင့် F-16 တိုက်လေယာဉ်များ နှင့် ဟောင်ဝင်ဇာအမြှောက်တပ်များကို မရပ်မနားအသုံးပြုသွားမည်ဖြစ်ပြီး ရရှိနိုင်သမျှ လက်နက်အားလုံးဖြင့် တိုက်ခိုက်မည်ဟု ဆိုလေသည်။

ထို့အပြင် ယခု ကိစ္စတွင် ရုရှားအနေဖြင့် ဝင်မပါရန်အတွက်သတိပေးပြောကြားခဲ့ပြီး မိမိ တပ်များသွားရာ လမ်းကြောင်းတွင် ဝင်ရောက်နှောက်ယှက်သည့် မည့်သည့်တပ်ကိုမဆို တိုက်ခိုက်သွားမည်ဟု လည်းဆိုထား သည်။ အာဒိုဂန်နှင့် ရုရှားသမ္မတတို့သည် ကောင်းမွန်လှသော ဆက်ဆံရေးရှိသော်လည်း ယခုကိစ္စတွင် ပြေလည်အောင် ကြိုးစားညှိုနှိုင်းရနိုင်လေသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် တူရကီစစ်ကူတပ်များ ဆီးရီး ယားနိုင်ငံအတွင်းသို့ချီတက်သွားသည့် သတင်းဓါတ်ပုံများ လူမှုကွန်ယက်ပေါ်တွင် တွေ့ရှိရပြီး အချင်းဖြစ်ပွားရာ ဧရိယာပေါ်တွင်လည်း တူရကီ F-16 တိုက်လေယာဉ်များမှ လေကြောင်းအကဲသာမှုရယူထားကြောင်း တွေ့ရသည်။ ဆီးရီးယားစစ်တပ်ဘက်ကမူ လေကြောင်းအကဲရယူမှုမရှိသေးဘဲ မြေပြင်တပ်နှင့် အမြှောက်တပ် များဖြင့်သာ တိုက်ပွဲဝင်နေကြောင်းသိရှိရပါသည်။

ဇွဲထွဋ်ဦး

Leave a Reply