တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော်နှင့် ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ ၌ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးဆောင်ရွက်ထား

0
76

မန္တလေးမြို့တွင် ကျင်းပသည့် တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော်နှင့် ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ ၌ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးဆောင်ရွက်ထားရှိကြောင်း ဖေဖော်ဝါရီ ၁၀ရက်က အဆိုပါ ပွဲကျင်းပရေးကော်မတီမှ သိရသည် ။

ယင်းပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရ၏ အကူအညီဖြင့် မန္တလေးမြို့ အခြေစိုက် တိုင်းရင်းသားအစုအဖွဲ့များ က ဦးဆောင်ကျင်းပခြင်းဖြစ်သည် ။

“ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ ခါတိုင်းဆိုရာင် သာမန်ပေါ့ ။ ဒီနှစ်ဆိုရင် ဗိုင်းရပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးဆောင်ရွက်ထားတဲ့ အနေအထားမျိုးမှာရှိတယ်။ ဗမာတိုင်းရင်းသား ကိုယ်စားပြုတဲ့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းက ဆေးခန်းတွေကို ဆောင်ရွက်ထားတယ်။ အဲ့ဒီမှာ ဆရာဝန်တွေ သူနာပြုဆရာမတွေ အကူဆရာမတွေ လူနာတင်ယာဉ်တွေ ဒါတွေကို အဆင်သင့်ဖြစ်အောင် လုပ်ထားတယ်´´ ဟု ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့် က ပြောသည်။

ထို့အပြင် တိုင်းကျန်းမာရေးဦးစီးဌာန ကလည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားမှုများရှိပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းများကလည်း နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် ။

တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော်နှင့် ရိုးရာယဉ်ကျေးမှုပဒေသာကပွဲ သည် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပခြင်းဖြစ်ပြီး မန္တလေးမြို့တွင် ကျင်းပခဲ့သည်မှာ ကိုးကြိမ်မြောက်ရှိသွားပြီဖြစ်သည် ။

အဆိုပါပွဲတော်တွင် တိုင်းရင်းသားများ၏ ရိုးရာ အစားအသောင်အရောင်းဆိုင်ခန်းများ ၊ လက်မှုအနုပညာ နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်ခန်းများ စုစပေါင်း ဆိုင်ခန်း (၃၄) ခန်းနှင့် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြခန်း၊ တိုင်းရင်းသားဦးစီးဌာန ပြခန်း တို့ပါဝင်သည့်အပြင် စာအုပ်ဆိုင်ပေါင်း (၅၀) ပါဝင်သည် ။

ထို့အပြင် ညပိုင်းများတွင် တိုင်းရင်းသားပေါင်းစုံ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply