ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ ပုံတူရုပ်ထုကို ရှမ်းပြည်နယ်တွင် စိုက်ထူသင့်ဟု RCSS ခေါင်းဆောင်ပြောကြား

0
64

မြန်မာနိုင်ငံ၏ သမ္မတအဖြစ်တာဝန် ပထမဆုံးတာဝန်ယူခဲ့သည့် စဝ်ရွှေသိုက်၏ပုံတူရုပ်တုကို ရှမ်းပြည်နယ်အတွင်း စိုက်ထူသင့်ကြောင်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က လွယ်တိုင်းလျံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်ခဲ့သည့် ရှမ်းအမျိုးသားနေ့ပွဲတွင် ပြောကြားခဲ့သည်။

ပင်လုံစာချုပ်တွင် ဆွေးနွေးဆုံးဖြတ်ချက်များကို ရှမ်းလူထုအနေဖြင့် လေ့လာသင့်ပြီး ခေတ်နဲ့လျော်ညီသည့် နိုင်ငံရေးဆွေးနွေးရန်နှင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားအားထုတ်ရန် ၎င်းကတိုက်တွန်းသည်။

“ပြည်ထောင်စုကြီးရဲ့ ပထမဆုံးသမ္မတကလည်း ညောင်ရွှေစော်ပွားစဝ်ရွှေသိုက်ဖြစ်တယ်ဆိုတာ အမြဲတမ်းအောက်မေ့နေစေဖို့ စဝ်ရွှေသိုက်ရဲ့ပုံတူရုပ်တုကိုလည်း ရှမ်းပြည်တွင်းမှာ စိုက်ထူထားသင့်ပါသည်။ ၁၉၄၇ ပင်လုံညီလာခံကြီးဖြစ်လာဖို့ ၁၉၄၆ ခုနှစ်မတိုင်ခင်ကတည်းက ရှမ်းခေါင်းဆောင်များက ဦးဆောင်ပြီး လူထုအစည်းအဝေးမှတဆင့် စတင်ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။ ထိုအချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းဟာ တောင်တန်းဒေသ ရှမ်းပြည်ဘက်ကို မရောက်သေးတဲ့ကာလဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြား ခဲ့သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး စစ်ရေးနည်းဖြင့် ဖြေရှင်းရမည့်အချိန်မဟုတ်ဘဲ ပြောင်းလဲချိန်တန်ပြီဟု ၎င်းကဆိုသည်။

“နိုင်ငံရေးကို စစ်ရေးနဲ့ဖြေရှင်းခဲ့တဲ့ ဒီ(၆၂)နှစ်တာ ကာလအတွင်းမှာ ပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိလာခြင်း၊ ပြည်သူတွေမတရားနှိပ်စက်သတ်ဖြတ်ခံရခြင်း၊ ပြည်သူလူထုသိန်းချီ နေရပ်ထွက်ပြေးစွန့်ခွာရခြင်း၊ ပြည်သူတွေသာဆင်းရဲဒုက္ခရောက်ခဲ့ရသည်”ဟု ဆက်လက်ပြောကြားခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးနှင့် တိုင်းနှင့်ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်အတွက် တိုင်းရင်းသားအားလုံးကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ကျော်သူမြင့်

Leave a Reply