မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်သို့ ဝင်ရောက်သည့် ကားများအပေါ် ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်ပြု

0
12

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်သို့ ဝင်ရောက်နေသည့် ကားများအပေါ် ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က အဆိုပါကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦး မှပြောကြားခဲ့သည်။

ဝူဟန်ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မူဆယ်နယ်စပ်တွင် ကုန်သွယ်မှုအခြေနေများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ကုန်သည်များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် သစ်သီးဝလံကုန်စည်ဒိုင်မှ ကောက်ခံနေသော ကုန်စည်ဒိုင်ကြေးများကို ယခုလ ၁၀ ရက်မှ ၂၃ ရက်အတွင်း ဝင်ရောက်နေသော ကားများအပေါ် ကင်းလွတ်ခွင့်ပြုသွားမည် ဟုဆိုသည်။

“ဝူဟန်ဗိုင်းရပ်စ်အခြေနေကြောင့် သစ်သီး ရောင်းဝယ်တဲ့သူတွေ အရမ်းဒုက္ခ ရောက်နေတဲ့ အချိန်မှာ လောလောဆယ် အနေထားအရ သက်သာအောင် တစ်ဖက်တစ်လမ်းကနေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကင်းလွတ်ခွင့်ပြုတာပါ”ဟု ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦး ကပြောသည်။

သစ်သီးကုန်စည်ဒိုင်သို့ ဝင်ရောက်သည့် ကားများအပေါ် ယခင်က တစ်စီးလျှင် ကျပ် ၅၀၀၀ ကုန်စည်ဒိုင်ကြေး ကောက်ခံလျက်ရှိရာ လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကြောင့် ၂ပတ်ခန့် ကင်းလွတ်ခွင့်ပြုခဲ့ပြီး လိုအပ်ပါက ကုန်စည်ဒိုင်ကြေး ကင်းလွတ်ခွင့်ကို ရက်တိုးမြှင့်သတ်မှတ်ပေးမည်ဟုဆိုသည်။

“ဒီအခက်အခဲကာလမှာတော့ ကင်းလွတ်ခွင့် ပြုတာက ဒီ ၂၃ ရက် အတွင်းပေါ့နော် ၊အခြေနေတွေက ဆက် ဆိုးဝါးလွန်းရင်တော့ ရက်အတိုး အလျော့က ကျွန်တော်တို့ ကုန်စည်ဒိုင်ရဲ့ဆုံးဖြတ်ချက်နဲ့ ထပ်ကြေညာ ပေးပါမယ်”ဟု ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦး ကဆိုသည်။

လက်ရှိ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်တွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်ဂိတ်တွင် ကုန်သွယ်မှုများ ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး ဖရဲ နှင့်သခွားမွှေသာ အနည်းငယ် အရောင်းအဝယ်ရှိကြောင်း သိရသည်။

ယခင်နှစ်ကာလတူက မူဆယ်နယ်စပ်ဂိတ်သို့ တစ်ရက်လျှင် ဖရဲ ၊သခွား ကားအစီးရေ ၅၀၀ ၊၆၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ယခုနှစ်တွင် အဆိုပါဖြစ်စဉ်များကြောင့် ဖရဲ ၊သခွား ကားအစီးရေ ၁၀၀ ၊၁၃၀ ခန့်သာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့်တရုတ်သို့ တင်ပို့မည့် ပို့ကုန်များဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်း၊ ဆန်၊ ပြောင်းနှင့် သကြား စသည်တို့မှာ ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းနေပြီး ဖရဲနှင့် သခွားမွှေး အနည်းငယ်သာ တင်ပို့မှုရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။

ဝေဝေဖြိုး

Leave a Reply