ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂဏန်းနှင့် ရေထွက်ပစ္စည်းများ တင်ပို့မှု ရပ်တန့်

0
18

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး ဂဏန်းနှင့် ရေထွက်ပစ္စည်းများ တင်ပို့မှု ရပ်တန့်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ ဖေဖော်ဝါရီ ၁၁တွင် သိရသည်။

မူဆယ် နယ်စပ်ဂိတ်တွင် ဂဏန်းနှင့် ရေထွက်ပစ္စည်း တင်ပို့မှုများ ရပ်တန့်နေသောကြောင့် ဂဏန်း ဖမ်းသူများ နှင့် အဝယ်ဒိုင်များ အခက်အခဲများ ကြုံတွေ့နေရသည်ဟုဆိုသည်။

“မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ရောဂါကာကွယ်တဲ့ အနေနဲ့ ပိတ်ထားတာကြောင့် အခု ဂဏန်းမွေးမြူ သူတွေ အခက်အခဲဖြစ်နေပါတယ်၊ အထူးသဖြင့် အဲ့ဂဏန်းတွေက တရုတ်ပြည်ကို သွားတာ များတယ် ၊ အခု အနေအထားက ဂဏန်းဈေးကွက်ပျက်တော့ အခက်အခဲလေးတွေရှိ တယ် ၊ ဖမ်းရင်တော့ ဈေးကျမယ် ၊ပြည်တွင်း ဈေးကွက်ကလည်း ထင်သလောက် မစားဘူး ဆိုတော့ ဂဏန်းဖမ်းတဲ့ သူတွေအတွက် မကိုက်ဘူး ၊ နယ်စပ်ဂိတ်တွေ ဖွင့်လိုက်ရင်တော့ အဆင်ပြေတယ် “ဟု အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ယခင်က မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ဂဏန်းအခွံမာ နှင့် အခွံပျော့ ၂ ခုလုံးကို တင်ပို့လျက်ရှိပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်မှစတင်ကာ တာဝန်ရှိသူများက ရောဂါ ကာကွယ်သည့်အနေဖြင့် ပိတ်ထားခဲ့သောကြောင့် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးရှိ ဂဏန်း မွေးမြူသူများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းရှိ ဂဏန်းမွေးမြူသူများသည် တရုတ်နှစ်သစ်ကူးအမီ တိုးမြှင့်၍ ကြိုတင်ဝယ်ယူ စုဆောင်းမှုများရှိခဲ့ပြီး ယခင်က နယ်စပ်ကုန်သွယ် ရေးမှ ဒေါ်လာ သန်းတစ်ရာနီးပါးခန့် ကုန်သွယ်မှု ရှိသော်လည်း ယခုတွင် ပိတ်ဆို့မှုနှင့် ကြုံတွေ့နေ ရသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် များစွာ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် တရုတ်နှစ်ကူးတွင် ဂဏန်းများအား ပို၍ တင်ပို့ရန် စုဆောင်းထားသူများအနေဖြင့်လည်း ဈေးကွက်ပျက်ကာ ဈေးနှုန်းကျဆင်းမှုနှင့် ကြုံတွေ့နေရသည်ဟုဆိုသည်။

အဆိုပါကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည့် ပို့ကုန်များဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်း၊ ဆန်၊ ပြောင်း နှင့် သကြား စသည်တို့မှာ ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်း သွားပြီဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။

“အခုက ငါး၊ ဂဏန်း ၊ပုဇွန်တို့က အောက်ကလဲ တက်မလာတော့ဘူး၊ဒီမှာရှိတဲ့ ဟာတွေက တချို့လွှင့်ပစ်တဲ့ဟာ လွှင့်ပြစ်လိုက်ရပြီ။လက်ရှိအခြေနေက အရောင်းအဝယ် လုံးဝရပ်သွားပြီ အလုပ်သမားတွေလဲ မရှိတော့ဘူး တချို့ဆို အလုပ်မရှိလို့ ပြန်လာကြပြီ၊ နောက်တခုက ဝူဟန်နဲ့ပတ်သက်လို့ ရောဂါဖြစ်လာမှာကြောက်လို့ ပြန်ကြတာများတယ်၊ ရွှေလီမှာဆို မြန်မာအလုပ်သမားတွေ အတော်နည်းသွားပြီ၊ မူဆယ်မှာကတော့ ပုံမှန်တော့ သွားလာကြ ပါတယ်”ဟု မူဆယ်ကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောကြားသည်။

မူဆယ်နယ်စပ်သို့ ကားများ ဝင်ရောက်မှုသည် ယခင်ထက် နည်းပါးသွားပြီး ကုန်သွယ်မှု အခြေနေသည် ယခင်နှစ် ကာလတူထက် ၉၅ ရာခိုင်နှုန်းခန့် ဆုံးရှုံး၍ ၅ ရာခိုင်နှုန်းခန့်သာ ကျန်တော့သည်ဟုဆိုသည်။

ဝေဝေဖြိုး

Leave a Reply