ကိုရိုနာဗိုင်းရပ် ကာကွယ် ကုသရန်အတွက် ကျပ်သိန်း သုံးထောင်လျာထားဟု ကျန်းမာရေးဝန်ကြီးပြော

0
66

အစိုးရ အနေဖြင့် ကိုရိုနာဗိုင်းရပ်ပိုးအား ကာကွယ် ကုသရန် အတွက် အရေးပေါ် ရံပုံငွေ ကျပ်သိန်း သုံးထောင် လျာထားဆောင်ရွက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖေဖော်ဝါရီ၁၁ရက်တွင်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ၁၁ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒလမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ၂၀၁၉ Novel Coronavirs ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်နှိမ်နှင်းရန်အတွက် ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက် အသေအပျောက်နည်းပါးစေရန် နိင်ငံတော် အစိုးရမှ မည်ကဲ့သို့ စီမံဆောင်ရွက်ပေးထားသည်ကို သိရှိလိုခြင်းမေးမြန်းမှု အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်အစိုးရကလည်း ကျွန်တော်တို့ ၀န်ကြီးဌာန ကို ကျပ်သိန်းသုံးထောင် အရေးပေါ်ရံပုံငွေလျာထားပါတယ်။ အဲ့ဒီထဲကလည်း ကျွန်တော်တို့ ပံ့ပိုးမှာဖြစ်ပါတယ်။ ထို့အပြင် ပြည်သူတွေကလည်း လျူပါတယ်။ပြည်သူလူထု အားလုံးပါဝင်တာကို တွေ့ရပါတယ်”ဟု ဒေါက်တာ မြင့်ထွေးကပြောကြားခဲ့ သည်။

ဆေးရုံများတွင်လည်း လိုအပ်သည့် အသက်ရှုစက်များ၊ Personal Protecting Equipment များ၊ N 95 mask များကိုလည်း ပံ့ပိုးပေးထားကြောင်း ဒေါက်တာ မြင့်ထွေးကပြောသည်။

ထို့အတူ မြန်မာနိုင်ငံတွင်းသို့ လေဆိပ်များမှ ၀င်ရောက်လာသူများ၊ ကုန်းလမ်းဝင်ပေါက်မှ ၀င်ရောက်လာသူများ၊ နယ်စပ်ဝင်ပေါက်များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနှင့် တာဝန်ရှိသည့် အဖွဲ့အစည်းများမှ အင်အားဖြည့် ဆောင်ရွက်နေကြောင်း သိရသည်။

၎င်း ရောဂါအား ကာကွယ်နှိမ်နှင်းရန်အတွက် ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက် အသေအပျောက် နည်းပါးစေရန် စဉ်ဆက်မပြတ် အရှိန်အဟုန်မြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။ထို့ပြင် အဆိုပါ ရောဂါ အတွက် ဓာတ်ခွဲ စစ်ဆေး အတည်ပြုနိုင်ရေးကိုလည်း လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စတင် လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်းလည်း ဒေါက်တာ မြင့်ထွေးကပြောသည်။

“ကျွန်တော်ထင်တာကတော့ ၁၉၊၂၀၊၂၁ မှာ ကျွန်တော်တို့ နိုင်ငံမှာ ဒီရောဂါ ဟုတ်မဟုတ် စမ်းသပ်လို့ရဖို့ရှိပါတယ်။ဒီနေရာမှာလည်း ကျွန်တော်တို့ နောက်မကျပါဘူး”ဟု ဒေါက်တာ မြင့်ထွေးကပြောသည်။

ကိုရိုနာဗိုင်းရပ်အါအ၀င် ရောဂါများကို ကမ္ဘာပေါ်တွင် ဓာတ်ခွဲစစ်ဆေးအတည်ပြုနိုင်သည့် နိုင်ငံအရေအတွက် သည် ၁၅ နိုင်ငံသာ ရှိပြီး ယင်းနိုင်ငံများသည် USA၊တရုတ်၊စင်္ကာပူ၊ ဂျပန်၊ဂျာမနီ ထိုင်းနိုင်ငံ အစရှိသည့် နိုင်ငံများပါဝင်ကြောင်း သိရသည်။

ဒေါက်တာစိန်မြအေးမေးခွန်းမေးမြန်းနှင့် ဖြေကြားမှုများသည် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် မေးခွန်းနှင့်ဖြေကြားချက်များ ဖြစ်သည့် အတွက် နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများထဲတွင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေ အရ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးတီခွန်မြတ်ကကြေညာခဲ့သည်။

ယဉ်ကေနွယ်

Leave a Reply