ပြည်သူလူထုမပါဝင်ပဲ တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်၍ မရဟု ပြည်ထဲရေးဝန်ကြီးအသစ် ပြော

0
5

ပြည်သူလူထုမပါဝင်ပဲ တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်၍ မရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည် ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အမှုကတော့ ရှိမှာပဲလေ။ အမှုရှိတာကို ရအောင်ဖော်ထုတ်ရမှာပေါ့။ ပြည်သူလူထုမပါပဲ တရားဥပဒေ စိုးမိုးရေးဆိုတာ လုပ်လို့ မရဘူး။ အားလုံးဝိုင်းပြိး လုပ်ကြရမှာ။ အမှုတစ်ခု တည်ဆောက်တဲ့နေရာမှာ အစ ကောင်းမှ အနှောင်းသေချာပေါ့။ အစကောင်းဖို့ လုပ်ရမှာပေါ့”ဟု ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကပြောသည်။

တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍လည်း အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“တရားဥပဒေစိုးမိုးရေးက အဓိက အရေးကြီးတာကိုး။ ဒါတွေကို ရအောင်ဆောင်ရွက်ပေးရမှာပေါ့”ဟု ၎င်း ကပြောသည်။လစ်လပ်နေသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့လာသည့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြိးစိုးထွဋ်ကို ခန့်အပ်တာဝန်ပေးရန် ကန့်ကွက်သူ မရှိသဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုကြောင်း နာယက ဦး တီခွန်မြတ်ကကြေညာခဲ့သည်။

ယခင် ပြည်ထဲရေးဝန်ကြိးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗ်ုလ်ချုပ်ကြိးကျော်ဆွေကို မူလ စစ်ဘက်တာဝန်များပြန်လည်ထမ်းဆောင်ရန် အတွက် နိုင်ငံတော်သမ္မတ ရုံးက ဖေဖော်ဝါရီလ ၄ ရက်က ခွင့်ပြုကြောင်းကြေညာခဲ့သည်။

ယဉ်ကေနွယ်

Leave a Reply