ဝူဟန်မြို့မှ ပြန်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ နေရပ်ပြန်ပါက တိုင်းအစိုးရက ကားလက်မှတ်များ စီစဉ်ပေးမည်

0
19

ဖေဖော်ဝါရီ – ၁၄

တရုတ်နိုင်ငံ ဝူဟန်မြို့ က ရောက်ရှိလာသည့် မြန်မာကျောင်းသူကျောင်းသားများကို မန္တလေးမြို့ ကန်တော်န ဒီဆေးရုံတွင် ၁၄ ရက်တာ စောင့်ကြည့်နေပြီး နေရပ်ပြန်ပါက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကား လက်မှတ်များစီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

မြန်မာ ကျောင်းသား ကျောင်းသူ (၅၉) ဦး နှင့် သွားရောက်ခေါ်ဆောင်သူ သုံးဦးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်က မန္တလေးမြို့ကို ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ  ၁၆ ရက်တွင် စောင့်ကြည့်ကာလ ပြည့်မည်ဖြစ်သည်။

“မိဘများလာရောက် ခေါ်ကြမယ့်သူတွေရှိသလို တချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်မယ့်ကျောင်း သားများလည်းရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်မယ့်ကျောင်းသားများအတွက် က နေရပ်ပြန်ဖို့ရာ ကား လက်မှတ်တွေအားလုံးကို တိုင်းဒေသကြီးအစိုးရကနေ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်´´ ဟု မန္တလေးတိုင်း ဒေသ ကြီး ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းအချိန်အထိ ကျောင်းသား ကျောင်းသူ (၅၉) ဦး နှင့် သွားရောက်ခေါ်ဆောင်သူ သုံးဦးတို့မှာ ကျန်းမာရေးကောင်းမွန်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန က သိရသည် ။

ထို့အပြင် ကျောင်းသား ကျောင်းသူများတွင် ကူးစပ်ရောဂါမရှိကြောင်း နှင့် ကျန်းမာရေးကောင်းမွန်ကြောင်း စာထုတ်ပေးရန်အတွက် စီစဉ်ထားပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး က ဆောင်ရွက်မည်ဖြစ်သည်။ စောင့်ကြည့်စစ်ဆေးမှုများကို တစ်ရက်လျှင် နှစ်ကြိမ် ပြုလုပ်လျှက်ရှိပြီး ၂၄ နာရီ အဆိုင်းသုံးဆိုင်းဖြင့် စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply