၁၃၀၀ အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် (၁၇) ဦး၏ (၈၁) နှစ်မြောက် အခမ်းအနားကျင်းပ

0
87

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ် သူကြွယ်ကုန်းတွင်ရှိသည့် အာဇာနည်ဗိမာန်တွင် ၁၃၀၀ အရေးတော်ပုံ၌ ကျ ဆုံးခဲ့သည့် အာဇာနည် (၁၇) ဦး၏ (၈၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

ယင်းနှစ်ပတ်လည်နေ့အခမ်းအနားတွင် အာဇာနည် (၁၇) ဦးအားရည်စူး၍ သံဃာတော် (၁၇) ပါး ကို ဆွမ်းကပ်ခြင်း ၊ အလေးပြုခြင်း၊ ပန်းခွေချခြင်း နှင့် ဆရာတော်သံဃာတော်များ၏ သြဝါဒခံယူခြင်းများ ပြုလုပ်ခဲ့ကြသည် ။

“မန္တလေးမြို့ရဲ့ အာဇာနည်တွေ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို မမေ့မလျော့စေဖို့အတွက် နှစ်ပတ်လည် ပွဲလုပ်တာပါ။ ဒီပွဲကို ဒီဘက်ခေတ်မှာ ၂၀၁၂ ခုနှစ်ကနေ စပြီး လုပ်ခဲ့တာပါ။ အဲ့ဒီအရင်ကဆို ဒီနေရာက ခြုံတွေနဲ့ ပိတ်ပြီး ဒုစရိုက်သမားတွေရဲ့ ခိုအောင်းရာနေရာဖြစ်ခဲ့တယ်။ ဒါကို အခုမှာတော့ ရှင်းလင်းပြီး နှစ်ပတ်လည်အခမ်းအနားကို လုပ်ခဲ့တာပါ´´ ဟု ပွဲကျင်းပရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးမင်းထက်ငြိမ်းချမ်း က ပြောကြားခဲ့သည် ။

အခမ်းအနားသို့ နိုင်ငံရေးပါတီအချို့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောငါးသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၊ အရပ်ဖက် အဖွဲ့ အစည်းများ ၊ နိုင်ငံရေးအင်းအားစုများ၊ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ပြီး ပန်းခွေ ချခြင်း၊ အလေးပြုခြင်းများပြုလုပ်ခဲ့သည် ။

ထို့အပြင် အာဇာနည် (၁၇) ဦး၏ (၈၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ အာဇာနည် (၁၇) ဦးထဲမှ အချို့ သော အာဇာနည်များ၏ ဆွေမျိုးများလာရောက် ဂါရဝပြုခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများလည်း ပြသခဲ့သည် ။မန္တ လေးမြို့တွင် ၁၃၀၀ ပြည့်နှစ်က ကိုလိုနီအစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရာ နယ်ချဲ့စစ်သားများက ပစ်ခတ်သဖြင့် ရဟန်းရှင်လူ (၁၇) ဦး ကျဆုံးခဲ့ကာ ရုပ်ကလာပ်များကို အိမ်တော်ရာ၌ ပြည်သူ့ဈာပနအဖြစ်ထားရှိ၍ နေမျိုးမဟာသီဟသူရ ဘွဲ့ကိုပေးအပ်ခဲ့ကြသည် ။ ထို့နောက် တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် အာဇာနည်(၁၇) ဦးဗိမာန် ဆောက်လုပ်ခဲ့ကြသည် ။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply