ရန်ကုန်တိုင်းအစိုးရ ရောင်းချသည့် မြေကွက်များထဲမှ တစ်သောင်းကျော်ကို အချက်အလက်မပြည့်စုံ၍ ပယ်လိုက်ရ

0
69


ရန်ကုန်တိုင်းအစိုးရက ရောင်းချခဲ့သည့် မြေကွက်များကို ဈေးပိုပေးသော်လည်း အချက်အလက် မပြည့်စုံသည့် လျှောက်လွှာ တစ်သောင်းကျော် ပယ်လိုက်ရသည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကဖေဖော်ဝါရီ ၁၈ရက်တွင် ပြောကြားခဲ့ည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲ ပိုင်ခွင့်ရှိ‌သော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အတွက်သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက်သော်လည်းကောင်းရောင်းချခဲ့ရာ လျှောက်လွှာပေါင်း ၁၂၁၅၈ စောင် ပြန်လည်တင်ပြလာသည့်အနက် အချက်အလက် ပြည့်စုံသူမှာ ၆၄၀ ကျော်သာ ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ လျှောက်လွှာ ၁၂၀၀၀ ကျော်ကို စိစစ်တဲ့အခါမှာ အဲ့ထဲမှာမှ စီးပွားရေးလုပ်ငန်း လုပ်တယ်ဆိုရင် သူရဲ့ အဆိုပြုချက်သည် ဘယ်လိုအဆောက်အဦးတွေနဲ့ စီးပွားရေးပုံစံ လုပ်မှာလဲဆိုတဲ့ အဆိုပြုချက် ပါရှိရပါတယ် ၊ လုပ်ငန်းလုပ်မယ့် အချိန်ကာလ ပါရမယ် ၊အဲ့လို အချက်လက်တွေနဲ့ ပြည့်စုံတဲ့ လျှောက်လွှာတွေကို စိစစ်လိုက်တဲ့အခါမှာ ၁၂၁၅၈ ထဲက အချက်အလက်ပြည့်စုံတဲ့သူက ၆၄၀ ကျော်ပဲ ရှိတယ် ၊တချို့က ဈေးပိုပေးတာမှန်ပေမယ့် အချက်အလက် မပြည့်စုံတဲ့အတွက် ပယ်လိုက်ရတယ်၊ပယ်တဲ့သူထဲမှာ ဈေးပိုပေးတာပါတယ်”ဟု တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။

အဆိုပါ လျှောက်လွှာ ၁၂၀၀၀ ကျော်ကို ပြန်လည်စိစစ်ရာတွင် လျှောက်လွှာဝယ်ယူသွားသူအမည်နှင့် ပြန်လည်တင်ပြလျှောက်ထားလာသည့် အမည်က တူခြင်းရှိ မရှိ ၊ လျှောက်လွှာတွင် ဖော်ပြသည့် အချက်အလက် ပြည့်စုံမှု ရှိမရှိ ၊အဆိုပြုဈေးနှုန်း ပါ မပါ ၊ ငွေကြေး အထောက်အထား တင်ပြခြင်း ရှိ မရှိ စသဖြင့် စိစစ်ရွေးချယ်ခြင်းဖြစ်သည်ဟုဆိုသည်။

“တချို့က လျှောက်ထားတဲ့မြေ တည်နေရာ မပြည့်စုံတာပါတယ် လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်လက်တွေ ပြည့်စုံအောင် မဖြည့်တာလဲ ပါတယ် အဲ့တာတွေ စိစစ်ပါတယ် ၊တချို့ကျတော့ ဈေးတူတယ် မြေကွက်က တကွက်ထဲ ရောင်းနိုင်တယ် အချက်အလက် ပြည့်စုံတာက ၂ယောက်ဖြစ်နေတယ်ဈေးအဆိုပြုထားတာက တူနေတယ် သို့သော်လည်းပဲ ၁ယောက်က အကောင့်နာမည်သည် သူ့နာမည်နဲ့ပေးမထားဘူး အခြားလူရဲ့ အကောင့်ကို Copy ပေးထားတယ် ဒုတိယလူက သူနာမည်နဲ့ ရှိတဲ့အကောင့်ကို ပေးထားတဲ့အတွက် ဈေးတူသော်လည်းပဲ ပြည့်စုံတဲ့သူကို ဝယ်ယူုခွင့်ပေးလိုက်ပါတယ် ဒီအချက်လက်တွေနဲ့ စစ်တဲ့အခါ ပြန်လျှောက်တာက ၁၂၁၅၈ ပါ တကယ်တမ်း ပြည့်စုံတာက ၆၀၀ ကျော်ပဲရှိပါတယ် အဲ့တိုင်းစိစစ်ပါတယ်”ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရောင်းချခဲ့သည့် မြေကွက်များအနက် လူနေထိုင်ရန် မြေကွက် ဝယ်ယူခွင့်ရရှိသူ ၂၆၂ ဦးရှိပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မြေကွက် ဝယ်ယူခွင့် ရရှိသူမှာ ၁၉ ဦးရှိခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေးလုပ်ငန်း ၊စက်မှုလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန်အတွက်ပထမအဆင့်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ မြေကွက်ပေါင်း ငါးရာကျော်နှင့် အတူ မြောင်းတကာ စက်မှုဇုန်မြေကွက်ပေါင်း ၁၇၀ ကျော်ကိုပါ တစ်ပါတည်း ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply