ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ ပြင်ဆင်မှု တက်မည်မဟုတ်

0
40

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး ဒက္ခိဏခရိုင်တရားရုံး က စွပ်စွဲခံရတဲ့အောင်ကြီးအား တရားရှင်လွှတ်ရန် ဆုံးဖြတ်ခဲ့မှုကို ပြင်ဆင်မှုတင်သွင်းရန် မသင့်ကြောင်း ဖေဖော်ဝါရီ ၁၈ရက်တွင် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး က ဆုံးဖြတ်ခဲ့သည် ။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသည့် အောင်ကြီးအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး တရားသူကြီး က ရာဇဝတ်ကျင်ထုံး ဥပဒေပုဒ်မ ၂၅၃(၂)အရ တရားရှင်လွှတ်ပေးရန် အမိန့်ချခဲ့ခြင်းဖြစ်သည် ။အမိန့်နှင့် ပတ်သက်ပြီး ရက် ၉၀ အတွင်း ပြင်ဆင်ချက်တက်ရမည်ဖြစ်ရာ ပြင်ဆင်ချက်မတက်တော့ကြောင်း သိရသည်။

“ဒက္ခိဏခရိုင်ဥပဒေရုံး က ဒီအမှုမှ ပြင်ဆင်မှုတက်ရောက်ပေးဖို့ တင်ပြတာရှိသလို အမှတ် (၁) မှုခင်းတပ်ဖွဲ့မှူးရုံး နေပြည်တော်ကလည်း ပြင်ဆင်မှုတက်ရောက်ပေးဖို့ရာ တင်ပြထားကြောင်း သိရပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအနေနဲ့ အမှုတွဲရဲ့ အမှုစစ်ဆေးပေါ်ပေါက်ချက်အရ တရားရုံးအမိန့်ဟာ ဥပဒေအရ မှန်ကန်သင့်မြတ်ကြောင်း သုံးသပ်ရရှိတဲ့အတွက် ပြင်ဆင်မှုတင်သွင်းရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့တယ်´´ ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးတင်မြင့်ဦး က ပြောကြားခဲ့သည် ။

အမှုစစ်ဆေးစဉ်က ကျူးလွန်သူမှာ အောင်ကြီးမဟုတ်ဘဲ အခြားသံသယရှိလူများ ပေါ်ပေါက်ခဲ့သော်လည်း တရားလိုအနေဖြင့် လုံလောက်သည့် အထောက်အထားများရှိပါက သီးခြားအမှုဖွင့်နိုင်ကြောင်း သိရသည် ။

ဗစ်တိုးရီးယား ဟု အမည်လွှဲဖြင့်ခေါ်ကြသည့် မိန်းကလေးငယ်မှာ ပြီးခဲ့သည့်၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့က အဓမ္မ ပြုကျင့်ခံရခြင်းဖြစ်ပြီး မေလ ၁၇ ရက်က ဇဗ္ဗူသီရီမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည် ။

ယင်းအမှုတွင် ဗစ်တိုရီးယားလေး၏ ပြောပြသော အချက်အလက်များနှင့် ကွဲလွဲနေသော ဒရိုင်ဘာ ကို ကျူးလွန်သူဖြစ်ကြောင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ပြီး တရားရုံးစွဲတင်ခဲ့သည်။ ဒရိုင်ဘာဖြစ်သူမှာ ခြောက်လခန့် အချုပ်ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး မကြာခင်ရက်ပိုင်း က ကျူးလွန်ကြောင်း မပေါ်ပေါက်သည့်အတွက် တရားရှင် ပြန်လွတ်ခဲ့သည် ။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply