ဆန္ဒပြတောင်းဆိုသည့်ေ​ကျာင်းသား​​/သူ (၁၂) ဦးကို ပညာသင်ကြားခွင့် ရပ်စဲ

0
165

မန္တလေး၊ ဇန်နဝါရီ ၂၆၊ ၂၀၁၈

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ပညာ​ရေးအသုံးစရိတ်​တိုးမြှင့်​​ပေးရန်​ တောင်းဆိုသည့်အတွက်ေ​ကျာင်းသား​​ကျောင်းသူ စုစုပေါင်း (၁၂) ဦးကို ရတနာပုံတက္ကသိုလ်မှ ပညာသင်ကြားခွင့်ရပ်စဲခဲ့ကြောင်း သတင်းရရှိသည်။

ပညာသင်ကြားခွင့်ရပ်စဲခြင်း နှင့်ပတ်သက်ပြီး ကြော်ညာချက်ကို ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၃နာရီက ကျောင်းသား ကျောင်းသူများထံ ပေးပို့ကာ အကြောင်းကြားခဲ့ဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် မှ သိရသည်။

“ကျောင်းကနေပညာသင်ကြားခွင့်ရပ်စဲတာက တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် စာအုပ်မှာပါတဲ့ စည်းကမ်းချက်တွေအတိုင်း လုပ်တာပါ ။ ကျွန်တော်တို့က သင်တန်းမှ ရပ်စဲလိုက်တာ ။ သူတို့လိမ္မာမယ် ။ သူတို့ ပြစ်မှုတွေ မကျူး လွန်တော့ ဆိုတဲ့ ဝန်ခံကတိတွေရရင် ကျွန်တော်တို့ ကျောင်းပြန်လက်ခံ မယ်´´ ဟု ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောသည်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်များ အပိုင်း(ဃ) အပိုင်း(၁)၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများအမှတ်စဉ် (၆) တွင် ဆရာ ဆရာမများကဆိုဆုံးမသည်ကို မနာခံခြင်း ၊ ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများအမှတ်စဉ် (၁) တွင် စာသင်ခန်းအတွင်း/အပြင်၌ သင်ကြားမှုကို အနှောက်အယှက် ဖြစ်စေရန် ပြောဆိုခြင်း/ ပြုမူခြင်း/လုပ်ဆောင်ခြင်း တို့ကို ဖောက်ဖျက် ကျူးလွန်သည့်အတွက် ပညာသင်ကြားခွင့်ရပ်ဆိုင်းခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စနှင့်ပတ်သတ်ပြီး ဘာမှ မပြောချင်ဘူး ။ ကျွန်တော်တို့က ဥပဒေအတိုင်းလုပ်တာပါ ။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ထိုသို့ ပညာသင်ခွင့်ရပ်ဆိုင်းခဲ့ပေမယ့် ဆန္ဒပြခြင်းနှင့် ပတ်သတ်ပြီး အမှုဖွင့်ခြင်း နှင့် ရဲတပ်ဖွဲ့မှ အရေးယူခြင်းများမရှိကြောင်း သိရသည် ။

“ကျွန်တော်တို့ ခုလိုပညာရေးအသုံးစရိတ်တိုးတောင်းတာ တစ်နိုင်ငံလုံးရဲ့ ပညာရေးတိုးမြှင့်ဖို့ပါ ။ ဒါကို ကျောင်းထုတ်တာကတော့ ဘာမှ မှတ်ချက် မပေးတော့ပါဘူး ။ သူတို့ပြောသလို အသနားခံစာ ကိစ္စကိုလည်း ကျွန်တော် တစ်ယောက်တည်းအမြင်နဲ့ ပြောတာပါ ။ ကျွန်တော် အသနားခံစာ တင်သွားမှာမဟုတ်ဘူး ။´´ ဟု ကျောင်းမှ ပညာသင်ခွင့်ရပ်စဲခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော် က ပြောသည်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ပညာရေးအသုံးစရိတ် တိုးမြှင့် ပေးရေး အတွက် ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်တောင်းဆိုခဲ့ပြီး ထိုသို့တောင်းဆိုသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် များ၏ သပိတ်စခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီကျော်အချိန် က ဖြိုခွင်းခံခဲ့သည်။

နိုင်လင်းဦး

Leave a Reply