ရဲတပ်ဖွဲ့ဝင် အချင်းချင်း ဖိနှိပ်ခံရမှုကိုမီဒီယာထံချပြသော ရဲ အဖမ်းခံရ

0
197

မန္တလေး၊ ဇန်နဝါရီ ၂၆၊ ၂၀၁၈

မန္တလေးမြို့အောင်မြေသာစံမြို့နယ် အမှတ် (၄) ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ဖိနှိပ်မှုများ နှင့် ကိုယ်ထိလက်ရောက် လုပ်မှုများအတွက် မီဒီယာထံရှင်းပြခဲ့သည့် ရဲတပ်သား သန်းဖြိုးအောင်အား အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဖမ်းခေါ်သွားကြောင်း သိရသည်။

ကာယကံရှင်ရဲတပ်သား နှင့် ဇနီးတို့မှ ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီတွင် မီဒီယာစင်တာ မန္တလေး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့မအားသေးဘူး ။ အလုပ်တွေများနေလို့ပါ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောချင်သေးဘူး ။´´ ဟု အောင်မြေသာစံမြို့နယ် အမှတ် (၄) ရဲစခန်းမှ စခန်းမှူးက ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က အမှတ် (၄) ရဲစခန်းမှ ရဲတပ်သား သန်းဖြိုးအောင် မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ဇနီးဖြစ်သူ မပွင့်ဖြူခိုင် ကို ရဲအုပ် ရဲကျော်သူ နှင့် ဇနီး ၊ ရဲတပ်သား စိုင်းအာကာဖြိုး နှင့်ဇနီး တို့က ကိုယ်ထိလက်ရောက် ထိုးနှက်ကန်ကြောက်မှုများ ၊ ဆဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ရဲအုပ် ရဲကျော်သူ နှင့် ဇနီး ၊ ရဲတပ်သား စိုင်းအာကာဖြိုး နှင့် ဇနီး တို့၏ ထိုးကြိတ်ကန်ကြောက်မှုကြောင့် နှာခေါင်းသွေးယိုခြင်း ၊ ဆီးအိမ် အောင့်ခြင်းနှင့် မျက်နှာ ၊ ခန္ဓာကိုယ်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည် ။ ယင်းဖြစ်စဉ်အတွက် စခန်းတွင် အမှုဖွင့် တိုင်ချက်ရေးပေးသော်လည်း ရဲအရေးမပိုင်ဘူး ဟုဆိုကာ အမှုဖွင့်မပေးသည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် အထက်အဆင့်ဆင့်ကို စာတင်တိုင်ကြားပြီးဖြစ်ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲ အပြီး ညနေပိုင်းတွင် အဆိုပါရဲတပ်သားအဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

နိုင်လင်းဦး

Leave a Reply