YBS ကတ်စနစ်အတွက် နည်းပညာနှင့် အခြား လိုအပ်ချက်များကို ထပ်မံ ပြုပြင်မည်

0
66

YBS ယာဉ်များတွင် ‌ယာဉ်စီးခပေးချေရန် အသုံးပြုမည့် ကတ်စနစ် (YPS) အတွက် Pilot Testing စက်များတွင် နည်းပညာလုပ်ဆောင်မှုအပြင် အခြားလိုအပ်ချက် အနည်းငယ်ရှိသဖြင့် ထပ်မံ ပြုပြင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှသိရသည်။

စက်များမှ အသံထွက်လာရာတွင် အသံ အနည်းငယ်တိုးနေခြင်း၊ ထွက်‌ပေါ်လာသည့် အသံပီပြင်မှုရှိအောင် ပိုမိုဆောင်ရွက်စေလိုခြင်း၊ စက်များ ထွက်ပေါ်လာသည့် စကားရပ် (ဥပမာ-အော င်ပါသည်၊ ကျေးဇူးတင်ပါသည်) ရှည်နေခြင်း စသည်တို့ကို ချိန်ညှိဆောင်ရွက်ရန် အကြံပြုချက် များရှိကြောင်းလည်း သိရသည်။

“Testing လုပ်ပြီးတဲ့အခါ ဘာတွေ့ရလည်းဆိုတော့ စက်နဲ့ ကတ် တစ်ကတ်ရဲ့ အကွာအဝေး အနေအထား ကို ၁၀ စင်တီမီတာ၊ ၁၂ စင်တီမီတာ၊ ၁၅ စင်တီမီတာနဲ့ စမ်းသပ်တယ် ၊ဘယ်ဟာ ပိုအဆင်ပြေလဲ ၊ဘယ်အခြေအနေမှာဆို ကတ်က ဖြတ်တယ်၊ မဖြတ်ဘူးဆိုတာ စနစ်တကျ စမ်းသပ်တယ် ၊ အဆင်ပြေချောမွေ့တာ တွေ့ရပါတယ်၊ အချို့စက်တွေက နည်းပညာပိုင်းမှာ ပြန်ပြီးတော့ update ပြုလုပ်ဖို့ လိုတာ တွေ့ရတယ်၊ ဒါကိုလည်း သက်ဆိုင်ရာ YBS ကုမ္ပဏီတွေ နည်းပညာကုမ္ပဏီနဲ့ ဆောင်ရွက်ရပါမယ်” ဟု YRTA ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။

Pilot Testing ကို ဗန္ဓုလကုမ္ပဏီ၊ YUPT ကုမ္ပဏီ၊ YBPC ကုမ္ပဏီ၊ ရွှေတောင်ပိုင်းကုမ္ပဏီတို့ရှိ ယာဉ်လိုင်းပေါင်း ၄၁ လိုင်းမှ ပထမအသုတ် စက်တပ် ဆင်ထားသော ယာဉ်အစီးရေ ၁၄၅၈ စီးကို သက်ဆိုင်ရာ ကုမ္ပဏီများမှ ဝန်ထမ်းများ၊ Asia Starmar Transport Intelligent ကုမ္ပဏီမှ ဝန်ထမ်းများဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်အထိ လူဦးရေ ၉၅ ဦးမှ စမ်းသပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ စမ်းသပ်ခြင်း လုပ်‌ဆောင်ခဲ့သည့် အပိုင်းတွင်လည်း ငွေရေးကြေးရေးကဏ္ဍ ပါဝင်လာခြင်း‌ကြောင့် ငွေများအတွက် trust account များ၊ သက်ဆိုင်ရာ ကုမ္ပဏီများ၏ ဘဏ်အကောင့်များတွင် Transaction အချက်အလက် မှန်ကန်မှု ရှိမရှိ၊ မှန်မှန်ကန်ကန် အလုပ် လုပ်၊ မလုပ် ဆို‌သော ကိစ္စရပ်များကို ယခု Pilot Testing တွင် ထည့်သွင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပထမအသုတ် စက်တပ်ဆင်ထားသည့် ယာဉ်အစီး‌ ရေ ၁၄၅၈ စီးတွင် ယာဉ်အစီးရေ ၁၃၄၅ စီးသာ စမ်းသပ်နိုင်ခဲ့ပြီး ကျန်ယာဉ်အစီးရေ ၁၁၃ စီးမှာ ယာဉ်များပြုပြင်နေခြင်း၊ စက်များ ပြင်ဆင်နေ ခြင်းနှင့် ယာဉ်ကောင်းမွန်ခြင်း မရှိ၍ ယာဉ်မထွက်နိုင်ခြင်း စသည့် အခြေအနေ များကြောင့် စမ်းသပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply