ဗစ်တိုးရီးယားအမှုသည် တရားခံပျောက်စရာ အကြောင်းမရှိဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဌ ဝေဖန်

0
58

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုသည် တရားခံ ပျောက်စရာ အကြောင်းမရှိကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီဥက္ကဌဖြစ်သူ ဦးတင်ထွေးက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးတင်ထွေးကဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီအမှုမျိုးက တရားခံပျောက်စရာ အကြောင်းမရှိဘူး။ ပျောက်စရာ အကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ဆေးစာ အရရော အခြားသက်သေခံ အထောက်အထားတွေ အရရော တရားကျူးလွန်ခြင်းခံရတယ်ဆိုတာ ပေါ်လွင်နေတယ်”ဟု ဦးတင်ထွေးကပြောသည်။

ထိုသို့ ကျူးလွန်ခြင်းခံရသည်ကို ရှာလို့ရသည့် သက်သေ အထောက်အထားများတွေ့ပါလျက် တရားခံအစစ်ကို မဖော်ထုတ်နိုင်ခြင်းသည် ဖော်ထုတ်သူများ၏ တာဝန်ပေါ့လျော့မှုသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဒါက ဒီအမှုမှာစစ်ဆေးတဲ့ အမှုကို တာဝန်ယူပြီးစစ်ဆေးတဲ့ အဖွဲ့အစည်းအပေါ်မှာ အများကြီးတာဝန်ရှိတယ်။ စစ်ဆေးတဲ့ တရားသူကြီးမှာ တာဝန်မရှိဘူး။ဥပဒေ အရာရှိမှာ တာဝန်မရှိဘူး။ သို့သော်ရဲတပ်ဖွဲ့မှာတော့ တာဝန်ရှိတယ်။ အောင်ကြီးကို တရားသေသာ လွှတ်လိုက်ရင် အမှုက အစကရှာရတော့မှာ။ အခုကတော့ တရားရှင် လွတ်ထားတာဖြစ်တဲ့ အတွက် အမှုက မသေသေးဘူး အမှုက ရှင်နေသေးတယ်။ အန်ကယ် အမြင်ကတော့ တရားရှင် လွှတ်လိုက်တာ ပိုကောင်းတယ်လို့ မြင်ပါတယ်”ဟု ဦတင်ထွေးကထောက်ပြခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ ၎င်း တို့ကော်မတီအနေဖြင့် တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိသော်လည်း ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့်ကလေးသူငယ် ကာကွယ်ရေးကော်မတီနှင့် ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိသည့် အကြံပေးကြောင်း မှတ်ချက်များပါဝင်ပေးကြောင်း ဦးတင်ထွေးကပြောသည်။

လက်ရှိတွင် အောင်ကြိးကို တရားရှင် လွတ်ပေးထားမှုအပေါ် ရက်ပေါင်း ၉၀ အတွင်း ပြင်ဆင်ချက်တက်ရမည်ဖြစ်သော်လည်း ပြင်ဆင်ချက်တက်မည်မဟုတ်တော့ကြောင်း သိရသည်။အမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး၊ တရားခံအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂၂ ရက်က ပျဉ်းမနားမြို့တွင် ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply