“ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ ၂၀၂၀ မှာ ထိခိုက်နိုင်တယ်”

0
258

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော် အပြန်အလှန် ထိန်းကျောင်းခြင်းများနှင့်ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ အတွင်းရေးမှူး၊ ပြည်သူ့ ငွေစာရင်း ကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမဲဆန္ဒနယ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ နှင့်တွေ့ဆုံမေးမြန်း ထားသည်ကို ဖော်ပြလိုက်ပါတယ်။

မေး – ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်းလွှတ်တော်အနေနဲ့ ဘယ်လောက်ထိထိန်းကြောင်းနိုင်လဲလို့ ထင်ပါသလဲ။

ဖြေ – ထိန်းကြောင်းတာနဲ့ပတ်သက်ပြီး အဆိုတွေတင်တယ်။ စစချင်း တင်တာက ယာဉ်ကြောကြပ်တည်းတာကို ဖြေလျော့နိုင်ဖို့ပေါ့။ အများပိုင်မြေတွေကို အများပြည်သူတွေ လွတ်လွတ်လပ်လပ်ပိုင်ဆိုင်ဖို့ ကိုနေဘုန်းလတ်တင်တာပေါ့။ အန်ကယ်တင်တာတော့ လက်ရှိရှိနေတဲ့ မော်တော်ဆိုင်ကယ်တွေကို ထိန်းသိမ်းဖို့ ဒေသန္တာရ အမိန့်ထုတ်ပေးဖို့၊ နောက်တစ်ခါ လှိုင်သာယာကတင်တယ် အိုးအိမ်အောက်မှာရှိတဲ့ဈေးတွေ စည်ပင်အောက်ကို ပြောင်းဖို့တင်တယ်။ ဈေးတွေကို စည်ပင်က ပြင်မလိုလို အိုးအိမ်ကပြင်မလိုလို၊ အိုးအိမ်ကမလုပ်တော့ဘူး။ ပြုပြင် ထိန်းသိမ်းတာတွေ မလုပ်တော့ ဈေးတွေက စုတ်ပြတ်သတ်နေတာပေါ့။ အဲဒါတွေလုပ်ဖို့ အဆိုတွေတင်တယ်။ မှတ်မိသလောက်ဆိုရင်တော့ အဲဒီအဆို လေးငါးခုကို အတည်ပြုလိုက်တာပေါ့။ အဆိုတွေအားလုံးကို အစိုးရက သူအကောင်အထည်ဖော်ရမှာ ဖြစ်တဲ့အတွက် မှတ်တမ်းပဲ တင်ခိုင်းတယ်။ မှတ်တမ်းပဲတင်တာတော့ လက်မခံဘူး။ အန်ကယ့် အဆိုဆိုရင်လည်း အစိုးရကမှတ်တမ်းပဲတင်ပါလို့ပြောတယ်။ မဲခွဲတော့ မဲနိုင်ပါတယ်၊ ကျန်တဲ့အဆိုတွေလည်း မဲနိုင်တယ်။ ပြည်သူပိုင်မြေဖြစ်ပြီး တော့ ဂရန်ချပေးတာတွေတွေ့လာရတယ်။ အိုးအိမ်အောက်က ဈေးတွေကိုစည်ပင်ပြောင်းပါဆိုတော့လည်း ဒီနေ့အထိ တစ်ဈေးမှ မပြောင်းရသေးဘူး။ ဆိုင်ကယ်အဆိုကလည်း အကောင်အထည် မဖော်တော့ ရဲတွေကခွင်ဖြစ်နေတယ်။ဆိုတော့ ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးတော့လည်း လွှတ်တော်မှာ လာမဖြေသွားဘူး။ အဲဒါကြောင့် လာမည့်လွှတ်တော်မှာလည်း ထပ်မေးဖို့တင်ထားတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် အကောင်အထည်ဖော်ဖို့ ရာနှုန်းက မရှိသေးဘူး။ ရာနှုန်းဘယ်လောက်လဲလို့ပြောရရင် သုညပဲရှိသေးတယ်။ ဘာမှမဖော်ဘူး။ ကတိကဝတ်ပျက်ကွက်တဲ့အနေအထားလို့ပဲ ပြောချင် တယ်။ ကတိကဝတ်ကော်မတီကလည်း ဒါတွေကို စာရင်းကောက်ပြီး တော့ ပြုစုနေပါတယ်။

မေး – စာရင်းတွေရလာရင်ရော အစိုးရကိုဘယ်လောက် ဖိအားပေးနိုင်မလဲခင်ဗျ။

ဖြေ – အန်ကယ်တို့ကလွှတ်တော်ကိုယ်စားလှယ်။ လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌအပေါ်မူတည်တာပေါ့။ သူတို့က ဦးဆောင်ပြီးတော့ဘယ်လောက် Check and Balance လုပ်မလဲ၊ ခုန ကတိကဝတ်ကော်မတီကနေ ဆက်လုပ်မှာပေါ့။ အဲဒီကော်မတီရဲကလုပ်ဆောင်ချက်နဲ့ ဥက္ကဌရဲ့ စွမ်းဆောင်မှုပေါ် မူတည်ပြီးတော့ အစိုးရရဲ့အပေါ်ကို Check and Balance လုပ်ရမှာပေါ့။

မေး – YBS နဲ့ပတ်သက်ပြီးတော့ အန်ကယ်ပြောဆိုတာတွေတွေ့ရ ပါတယ်။ တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ YBS ကို ဘာများ ထပ်ပြောချင် ပါသလဲ။

ဖြေ – တိုက်တိုက်ဆိုင်ဆိုင်ပဲ လွန်ခဲ့တဲ့နှစ်ရက်က YBS က အဆင်မပြေ တဲ့ ယာဉ်ပိုင်ရှင်တချို့နဲ့ က အန်ကယ်တို့ကို ရင်လာဖွင့်တာပေါ့။ အန်ကယ် တို့ကနားထောင်ပေးရတာပေါ့။ သူတို့ပြောတာ မှားတယ်၊ မှန်တယ် မဆုံးဖြတ်သေးဘူး။ သူတို့ပြောဆိုတာတွေကို မှတ်ထားတယ်။ နောက်တစ်ပတ်လောက်မှာ YRTA တာဝန်ရှိသူတွေကို ခေါ်တွေ့မယ်။ အန်ကယ်တို့စီမံကိန်းကော်မတီရယ်၊ သယ်ယူပို့ဆောင်ရေး ကော်မတီရယ် YBS အဆိုတင်တဲ့ ကိုဝေဖြိုးဟန်ပေါ့ သူက အတွင်းရေးမှူး။ အဲဒီကော်မတီနှစ်ရပ်နဲ့ YRTA နဲ့တွေ့မယ်။ သူတို့က ဘာပြောလဲဆိုတော့ YBS မစခင်မှာ အင်အားနည်းတဲ့ လုပ်ငန်းရှင်တွေ ပေါ့၊ တစ်စီးစ နှစ်စီးစ ပိုင်တဲ့သူတွေကို အများပိုင်ကုမ္ပဏီဖွဲ့တဲ့အခါမှာ ခင်ဗျားတို့လည်းပါနိုင်အောင် ဖွင့်ပေးထားမယ်။ လုပ်မယ်ပေါ့။ သို့သော် ဒီနေ့ဖြစ်ပျက်နေတာတော့ လုပ်ငန်းရှင်အသေးစားလေးတွေက ဘေးကိုရောက်မယ့် သဘောဖြစ်နေတယ်။ ငွေများများနဲ့ရင်းနှီးမြှပ်နှံတဲ့ သူတွေသာ ဆက်လက်ရပ်တည်နိုင်တဲ့အနေအထားကို ယာဉ်ပိုင်ရှင်တွေ က လာပြောတာပေါ့။ သူတို့အနေနဲ့ အရှုံးပေါ်နေတာပေါ့။ လမ်းကြောင်း အနေနဲ့ကလည်း မျှတမှုမရှိဘူးပေါ့။ အခုဟာက အများပိုင်ကုမ္ပဏီတော့ ဖွဲ့လိုက်တာပဲ။ အများပိုင်ကုမ္ပဏီက အများကြီးလေ။ ထိန်းချုပ်ာထားတာ တော့ YRTA ပဲ။ အများပိုင်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုနဲ့ ကြီးကြပ်မှုအပေါ်လည်း လိုသေးတာပေါ့။ တချို့အဆင်ပြေတဲ့ ကုမ္ပဏီတွေကျတော့ ပြေတယ်။ မပြေတဲ့ ကုမ္ပဏီတွေကျတော့ မပြေဘူး။ ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှာ အသိရှိတော့ ဖုန်းဆက်မေးကြည့်တယ်။ သူတို့လည်း ရှုံးနေတာပဲ။ ဝန်ဆောင်မှုပေးတဲ့အတွက် အရှုံးပေါ်ရင်လည်း ပေါ်နေမှာပဲ။ ဒါပေမယ့် YRTA ရဲ့ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစနစ် သုံးစွဲမှုတွေက အားနည်းလို့ အရှုံးပေါ်နေတာလို့ သူတို့က ပြောကြတယ်။ ဥပမာ ရင်းနှီးမြှပ်နှံထားတဲ့ YUPT နဲ့ နောက်ကုမ္ပတစ်ခုပေါ့။ အဲဒီကုမ္ပဏီက ငွေထည့်တဲ့ပုံးတွေ ဆိုရင် ပြည်တွင်းလုပ်လို့ရရဲ့သားနဲ့ လေးငါးသောင်းနဲ့ ရနိုင်ရဲ့သားနဲ့ ၄၅၉ ဒေါ်လာကြီးတောင်ပေးပြီးတော့ ဝယ်ရတယ်။ မလိုအပ်တဲ့ဟာတွေပေါ့။ အဲဒါတွေထောက်ပြတာပေါ့။ နောက်တော့ သူတို့ပြောတာက လူဟောင်း တွေကို BRT အောက်မှာပြေးခဲ့တယ်။ အောင်မြင်တယ်ပေါ့။ YBS ပြောင်းလိုက်တော့ BRT မှာ နိုင်ငံတော်ပြည်သူ့ငွေဘတ်ဂျတ် ၁၀ ဘီလီယံရှိတယ် တဲ့။ ၁၀ ဘီလီယံကလည်း ဘယ်လိုလဲပေါ့။ BRT လုပ်ခဲ့တဲ့ ယာဉ်လိုင်းက ယာဉ်ပိုင်ရှင်တွေ ယာဉ်မောင်းတွေ အကျိုးခံစားခွင့်မရှိခဲ့ဘူးတဲ့။ ပြောင်းသာပြောင်းလိုက်တယ်ပေါ့။ BRT မလုပ်ခင် တချို့ယာဉ်ပိုင်ရှင်တွေက မထသ အောက်မှာလုပ်ခဲ့တယ်။ မထသအောက်မှာလုပ်ခဲ့တော့ မထသ က လွဲပြောင်းတဲ့အခါ အဲဒီ့ငွေတွေလည်း ဘယ်လိုလဲပေါ့။ အန်ကယ့်ကိုပဲဦးတည်မေးတာပါ။ ကျောင်းကား အစီးနှစ်ရာ ဝယ်လိုက်တယ်ပေါ့။ ၅ ဘီလီယံပေါ့။ အဲဒါကိုလည်း သိပ်မကျေနပ်ဘူး။ မကျေနပ်ဘူးဆိုတာ ဒီငွေတွေက သူတို့ရှာထားတဲ့ငွေ။ ဘတ်ဂျတ်မဟုတ်ဘူး။ မထသ က ရှာာထားတဲ့ငွေ။ အဲဒီ့ငွေကိုလည်း အဲဒီတုန်းက ယာဉ်ပိုင်ရှင်တွေ ခံစားခွင့် မရှိခဲ့ဘူး။ ပွင်းလင်းမြင်သာမှု့မမရှိဘူးပေါ့။ ဒါလေးတွေကိုတွေ့တုန်းမျှတမှု မရှိဘူးလို့ပြောသွားတာပေါ့။

မေး – နောက်ထပ်ရော ယာဉ်လိုင်းပိုင်ရှင်တွေက ဘာတွေပြောကြ သလဲဗျ။

ဖြေ – ၅၅ ယာဉ်လိုင်းအဖျက်ခံလိုက်ရတယ်။ မှန်ပါတယ်။ ကျွန်တော်တို့တိုက်မိတဲ့အခါမှာ ကျွန်တော်တို့ ယာဉ်ကြောမှားတယ်။ မှားတဲ့သူအရေးယူထားတယ်။ တဖက်က ၃၇ ယာဉ်လိုင်း။ သူ့ကိုရော ဘာမှ အရေးမယူဘူးလား။ ဘာတွေမှားလို့အရေးယူရမှာလည်း မေးတော့ ယာဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ ၃၇ ယာဉ်လိုင်းရဲ့ လုပ်ငန်းလိုင်စင်က သက်တမ်းတွေကျော်နေပြီ။ သူတို့ပြောပြချက်အရ သက်တမ်းတိုးရင်လည်း တစ်ရက်ပဲကြာတယ်။ လုပ်ငန်းလိုင်စင် မတိုးရင် လည်း ကားလမ်းပေါ်ပြေးလို့မရဘူး။ သူသတ်မှတ်တဲ့ စည်းကမ်းကပေါ့။ သူတို့တော့ အရေးယူခံရတယ်။ ၃၇ ယာဉ်လိုင်းကျတော့ ဘာမှ အရေးမယူတော့ YRTA မှာ ဥပဒေမရှိဘူး။ ဥပဒေရှိဖို့ ခဏခဏ တွန်းအား ပေးတယ်။ ယခင်အစိုးရလက်ထက်မှာတော့ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကယာဉ်လိုင်း စနစ်တကျပြေးဆွဲရေး ဥပဒေဆိုတာ ရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေဆိုတာလည်း ရှိတယ်၊ ရေယာဉ်အတွက်ရော ၊ မော်တော်ယာဉ်အတွက်ရောရှိတယ်။ အခုကျတော့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ် ကဲမှုအာဏာပိုင် အဖွဲ့ဆိုပြီး ဖွဲ့လိုက်တော့ အဲဒီအောက်မှာ အကုန်ပါသွားတယ်။ ရေယာဉ်တွေရော၊ ဘတ်စ်ကားတွေရော။ တက္ကစီတွေရော၊ ကုန်တင်ရော၊ အဝေးပြေးရော အကုန်ပါသွားတယ်။ ပါသွားတော့ ဒီဟာကြီးက ဥပဒေတစ်ရပ် သေချာ မရှိဘဲ နဲ့ YRTA ရဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့လုပ်တယ်ဆိုတော့ YRTA က ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှာလည်း ဒီထဲမှာရင်းနှီးမြှပ်နှံ ထားတဲ့ သူတွေ ပါနေတယ်ပေါ့။ အာဏာပိုင်အဖွဲ့ထဲမှာလည်းပါတယ်။ လုပ်ငန်းရှင်လည်းဖြစ်နေတယ်ဆိုတော့ သာမန်အတွေးနဲ့ကိုက မမျှတဘူး။ အရင်တုန်းကဆိုရင် ပုဂ္ဂလိက ယာဉ်လိုင်းပြေးဆွဲရေး ဥပဒေအောက်မှာ ကွပ်ကဲရေးအဖွဲ့ဆိုတာ ရှိတယ်။ ဥက္ကဋ္ဌ က ဝန်ကြီးချုပ်သို့မဟုတ် ဝန်ကြီးချုပ်တာဝန်ပေးတဲ့သူဆိုတော့ YRTA မှာဆို ဝန်ကြီးချုပ်က တာဝန်ပေးထားတဲ့ ဒေါ်နီလာကျော်လိုမျိုးပေါ့။ အတွင်း ရေးမှူး ကျတော့ ရန်ကုန်တိုင်းဒေသကြီး ကုန်လမ်းသယ်ယူ ပို့ဆောင်ရေးက ညွှန်ကြားရေးမှူးကို ခန့်တယ်။ အခု YRTA အတွင်းရေးမှူးကျတော့ လုပ်ငန်းရှင်ဖြစ်နေတယ်။ အဲဒါတွေကျတော့ ဥပေဒနဲမညီတော့ဘူး။ အဲဒါလေးတွေထောက်ပြသွားကြတာပါ။

မေး – ဥပေဒေရှိုဖို့လိုတယ်လို့ ပြောချင်တာလား။

ဖြေ – ရှိရမှာပေါ့။ အခု YBS တစ်နှစ်ပြည့်သွားပြီ။ ကျော်လာပြီပေါ့။ တစ်နှစ်ကျော်လာတာတောင် ဒီဥပဒေက စလုံးရေ စ မလုပ်ရသေးဘူး။ အဲဒီအနေအထားကျတော့ မဟုတ်သေးဘူး။ ဥပဒေမရှိတဲ့အတွက် ဥပဒေနဲ့အညီဖြစ်မလာ ဘူးပေါ့။

မေး – Water Taxi ကိုရော ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ – Water Taxi ကိုတော့ အောင်မြင်ချင်တာပေါ့။ သူ့ရည်ရွယ်ချက်က အားလုံးသိနေတာပဲ။ ယာဉ်ကြောကြပ်တည်း မှုကို ဖြေလျော့နိုင်အောင် ပေါ့။ Water Bus လုပ်မယ်ကတည်းကကို ရက်တွေကရွေ့နေတယ်။ နောက်ပြီးသူတို့ တွေသေချာ survey လုပ်ဖို့ကောင်းတယ်။ ရည်ရွယ်ချက် ကို အောင်မြင်ဖို့ရာ အတိုင်းအတာနည်းတယ်။ Water Bus ကိုသွား ကြည့်တယ်။ အပျော်စီးတဲ့သူတွေများနေတယ်။ စုံတွဲတွေစီးတယ်။ မိသားစုတွေ အပျော်စီးကြတယ်။ ဆိုတော့ အများပြည်သူ သယ်ယူပို့ ဆောင်ရေးမှာ ထိရောက်တဲ့ ရည်ရွယ်ချက်ကို မအောင်မြင်ဘူးပေါ့။ ဆိပ်ကမ်းတက်ဆင်းတွေကလည်း အဆင်မပြေသေးဘူးပေါ့။ ဘတ်စ်ကားတွေနဲ့ ချိတ်ဆက်မှုတွေကလည်း လွဲနေသေးတယ်။ အားနည်းနေတယ်လို့ပဲပြောရမှာပေါ့။

မေး – ကားမှတ်တိုင်တွေကို ဘီလျံနဲ့ချီ အကုန်ကျခံမြှင့်တင်မယ်လို့ ပြောနေတယ်။ တချို့က ဒီအအပေါ်ဝေဖန်မှုတွေ ရှိနေတယ်။ အန်ကယ်ရော ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ – အဲဒီဟာကို ဂျာနယ်ထဲတွေမှာပါလာမှသိရတယ်။ အဲဒါကို လွှတ်တော်မှာရှင်းပြတာမရှိဘူး။ MOU ထိုးပြီးပြီလို့ သိရတယ်။ ရှင်းပြတာတော့ မရှိသေးဘူး။ အန်ကယ်တို့ဆို စီမံကိန်းကော်မတီလေ။ ရှင်းပြသင့်တယ်။ ထားပါ။ FMI က သူပိုက်ဆံနဲ့သူလုပ်တယ်။ ကြောညာခ နဲ့ပဲပြန်ယူမယ်။ ကောင်းပါတယ်။ ကြိုဆိုပါတယ်။ မှတ်တိုင်တွေကတော့ ခေတ်မီနေပြီ။ ယာဉ်စီးတဲ့အခါမှာ မှတ်တိုင်နဲ့အတူ အဆင့်မီိနိုင်မလား။ ကြပ်နေတုန်းပဲလေ။ အန်ကယ်လည်း ရုံးတက် ရုံးဆင်း YBS စီးပါတယ်။ ကြပ်နေတုန်းပဲလေ။ ယာဉ်တွေ အဆင်ပြေနေပြီဆိုရင်တော့ နိုင်ငံတကာမှတ်တိုင်တွေ လိုလာပြီပေါ့။ အခုက မသန်စွမ်းတွေပါ ကားပေါ်အေးဆေးတတ်နိုင်ဖို့နေနေသာသာ သာမန်လူတောင် မနည်းတက်နေရတာ။

မေး – Eco Green City စီမံကိန်းနဲ့ပတ်သက်ပြီး လွှတ်တော်ကို မတင်ပြခဲ့တဲ့ အတွက်ဝေဖန်တာတွေရှိခဲ့တယ်။ ဘယ်လိုဖြစ်တာလဲခင်ဗျ။

ဖြေ – စီမံကိန်းတွေလုပ်တဲ့နေရာမှာ အစိုးရအနေနဲ့ လွှတ်တော်ကို အရင်းပြသင့်တယ်။ ဒီလွှတ်တော်က အစိုးရအဖွဲ့ကို တင်မြှောက် ပေးလိုက် တာလေ။ ဝန်ကြီးချုပ်ကြီးကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ်ပဲလေ။ တင်ပြသင့်တယ်။ အခုတော့ တစ်ခုမှ လာမပြေ ဘူး။ အများကြီးပါပဲ။ ဒီမိုးပျံပူဖောင်းကိစ္စလည်း ဒေသခံကိုယ်စားက ကန့်ကွက်တာတွေဆွေးနွေးခွင့်မရလိုက်ဘူး။ စီမံကိန်းကို ကြိုမပြောဘူး ပေါ့နော်။ water bus လည်းမပြောဘူး။ အခုနောက်ဆုံး eco green city ပေါ့။ ကျူးကျော်တွေဖျက်ပြီးလုပ်တဲ့နေရာပေါ့။ စီမံကိန်းတွေကို ကန့်ကွက်တာမဟုတ်ဘူး။ မကန့်ကွက်ချင်ဘူး။ ကန့်ကွက်ဖို့ချည်း ဦးတည်နေတာ မဟုတ်ပါဘူး။ စီမံကိန်းလုပ်လိုက်ပြီ။ ဒီစီမံကိန်းက ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက်ဘယ်လိုအကျိုးရှိသလဲ ပေါ့။ ဖြစ်သင့် မဖြစ်သင့်ပေါ့။ အဲဒါလေးတွေ ဆွေးနွေးမှာပေါ့။ eco green city လည်း ပွင့်ပွင့်လင်းလင်းပြောရင် အန်ကယ်တို့ကို အစိုးရက အသိအမှတ်မပြုပေ မယ့် အန်ကယ်တို့ ဂျာနယ်တွေမှာ ဝေဖန်လိုက်တော့ လုပ်မယ့် ကုမ္ပဏီ ကကို လာရှင်းပြတယ်။ လုပ်ငန်းရှင်ကဒီလိုပါပဲ။ တော်ကြာ ကျွဲနှစ်ကောင် ခတ်တဲ့ကြား မြေဇာပင် ဖြစ်မှာ ကြောက်ကြတာကိုး။ ရှင်းပြတော့ နားထောင်တယ်။ ဘယ်လိုအကျိုးအမြတ်လဲ။ ဘယ်လိုအကျိုးခံစားခွင့်လဲ။ အဲဒီစာချုပ်ကိုတော့ ပွင့်ပွင့်လင်းလင်းပြောဆိုတော့ ဘယ်လောက်တောင် ကလေးကလားဆန်လဲဆိုတော့ စာချုပ်တောင်မချုပ်ရသေးဘူး။ တိတိကျကျ အပေးအယူမလုပ်ရသေးဘဲနဲ့ ပန္ဒက်ရိုက်ထည့်လိုက်တယ်။ ဟိုနေ့ကတော့ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ တိုင်းဒေသကြီးကို မတင်ပြရသေးပါဘူးပေါ့။ စာချုပ်ကလည်း တိကျစွာမချုပ်ရသေးဘူး ဆိုတော့ ခက်သားလား။ စာချုပ်တောင် မချုပ်ရသေးဘဲနဲ့ ပြည်ထောင်စု ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ကြီးက ဘာလို့အတူတူသွားပြီး ပန္ဒက်ရိုက်နေလဲ။ သူတို့နဲ့တွေဆုံရကျိုးမနပ်လိုက်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မပြောနိုင် ဘူးလေ။ နောက်ဆုံး အနှစ်သာရက သူတို့ဆောက်ပြီး အခြေခံလိုအပ် ချက် လျပ်စစ်ဘယ်လိုရမှာလဲ။ တန်ဖိုးနည်း အိမ်ရာပါတော့ လျပ်စစ်ကို ဘယ်လိုပေးမှာလဲ။ လောလောဆယ်တော့ မီးစက်နဲ့ပေးမယ်တဲ့။ အဲဒီကတည်းက မဟုတ်ဘူး။လွဲနေတယ်။ ခုနပြောသလို စီမံကန်းတွေကို ကန့်ကွက်နေ တာမဟုတ်ဘူး။ Win Win ဖြစ်ရဲ့လားဆိုတာကို Check and balance လုပ်ချင်တာပါ။

မေး – အစိုးရအနေနဲ့ လွှတ်တော်ကို ဘယ်လိုသဘောထားသင့်လဲ။ ဘာတွေဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ – အစိုးရက Clever ကျသင့်တယ်။ မကျဘူးလို့ပြောတာ မဟုတ်ဘူး။ YBS ဆိုလည်း လွှတ်တော်ကိုယ်စားလှယ် ကြီးများပြောပြတာ ကျွန်မတို့ ပြင်ပါ့မယ် ဆိုပြီးတာပဲ။ အကုန်လက်ခုပ်တီးလိုက်ရုံပဲ။ လွှတ်တော် ကိုယ်စားလှယ်ကြီး များထောက်ပြတာ နိုင်ငံရေးပယောဂပါ။ လွှတ်တော် ကိုယ်စားလှယ်က မနက်ဖြန်ပြင်ပါလို့ပြောလိုက်ရင် ကြိုက်တာပေါ့။ တစ်ပတ်လည်း မပြင်ဆိုတော့ ၅၅ ယာဉ်လိုင်းမှာတိုက်တော့ လူတွေ သေကုန်ရောလေ။ အဲဒါမျိုးတွေကျတော့ မဟုတ်သေးဘူးလေ။ ပြောချင်တာက ဒီ ၂၀၂၀ မှာ ပုံရိပ်က အစိုးရအပေါ် ပိုအရေးကြီးတာပေါ့။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ ၂၀၂၀ မှာ ထိခိုက်နိုင်တယ်။ ဒီပုံအတိုင်း ဆက်သွားနေရင်ပြောတာပါ။ အဲဒီတော့ ပြင်သင့်ပါတယ်။ လွှတ်တော်နဲ့ အစိုးရက အပြန်အလှန်ထိန်းကျောင်းပြီးတော့ ညီညီညွှတ်ညွှတ်နဲ့ လုပ်မှပါ။ ပြည်သူကလည်း စောင့်ကြည့်နေပါတယ်။ အစိုးရရဲ့လုပ်ရပ်က အန်ကယ်တို့လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ပိုအရေးကြီး တယ်ဆိုတာကို နောက်ဆုံးအနေနဲ့ ပြောချင်တာပါ။

ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

#သျှင်ရဲထွဋ် တွေ့ဆုံးမေးမြန်းသည်။

ဓာတ်ပုံ – ဦးကျော်ဇေယျ Facebook

Leave a Reply