မန္တလေးတိုင်းအတွင်း လာမည့် နွေရာသီတွင် ပုံမှန်အပူချိန်ထက် ပိုနိုင်

0
61

မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့် နွေရာသီ မတ်လ ၊ ဧပြီလ နှင့် မေလများတွင် ပုံမှန်အပူချိန်ထက် ပိုနိုင်ပြီး ရာခိုင်နှုန်း ၆၀ မှ ၈၀ ကြားရှိကြောင်း မိုးလဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားခဲ့သည်။

နွေရာသီ ကာလ မိုးထစ်ချုန်း ရွာသွန်းနိုင်မှုသည် ပုံမှန် ရွာသွန်းမြဲခန့်ရွာနိုင်ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လခန့်အထိ ရာသီဥတုမူမမှန်မှုများဖြစ်စေတတ်သော အယ်နီညို၊ လာနီညာ ရာသီဖြစ်စဉ်များ မရှိနိုင်ဘဲ ပုံမှန် ရာသီဥတု ဖြစ်နိုင်ကြောင်း သိရသည်။

“၂၀၂၀ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ရာသီဥတုအခြေအနေများကို အခြေခံ တွက်ချက် ထားတဲ့ ကမ္ဘာ့ရာသီဥတုဗဟိုဌာနတွေရဲ့ ခန့်မှန်းချက်တွေမှာတော့ လာမယ့် နွရောသီ မတ်လ၊ ဧပြီလ၊ မေလတွေမှာ မန္တလေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံနဲ့ အနီးတစ်ဝိုက် အရှေ့တောင်အာရှ ဒေသတွေမှာ နွရောသီ ပုံမှန် အပူချိန် ထက် ပိုပူနိုင်ဖို့ အခြေအနေများတာ တွေ့ရပါတယ်။ (၆၀)ရာခိုင်နှုန်းကနေ (၈၀) ရာခိုင်နှုန်းအထိ သေချာမှုရှိကြောင်းတွေ့ရပါတယ်´´ ဟု မိုးလဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) ညွန်ကြားရေးမှူး ဦးကျော်လွင်ဦး က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပြီးခဲ့သည့်၂၀၁၉ ခုနှစ် ဧပြီလ ၂၇ရက်က နေ့အပူချိန် အမြင့်ဆုံး(၄၃ဒသမ၅) ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး (ဧပြီလ နေ့အပူချိန် စံချိန်သစ်ဖြစ်သည့် ၄၄.၀ ဒီဂရီ (၆ – ၄ – ၂၀၁၀) မီရန် ၀.၅ ဒီဂရီ ခန့်သာလိုခဲ့သည်။ထို့အပြင် ၂၀၁၉ ခုနှစ် မေလ (၉) ရက်က ၄၄ဒသမ၂ဒီဂရီစင်တီဂရိတ် ရှိခဲ့ပြီး မေလ အမြင့်ဆုံး စံချိန်သစ်အပူချိန် ၄၅ဒသမ၀ ဒီဂရီစင်တီဂရိတ်(၁၂-၅-၂၀၁၀) မီရန် ၀ဒသမ၈ ဒီဂရီစင်တီဂရိတ် ခန့်သာလိုခဲ့သည်။

နွေရာသီကာလတွင် ကြုံတွေ့ရသည့် မိုးလေဝသဆိုင်ရာဘေးများမှာ နေ့အပူချိန်မြင့် တက်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်း၊မုန်တိုင်းများဖြစ်ပေါ်ခြင်းတို့ဖြစ်သည်။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply