လုယက်သူများကို ပြန်လည်ခုခံခဲ့သူမှာ ရိုးသားကြိုးစားသူဖြစ်ကြောင်း FAME ဆေးဝါးစက်ရုံကထောက်ခံ

0
97

 

လုယက်သူများကို ပြန်လည်ခုခံခဲ့သည့် မျိုးသက်လွင်မှာ ရိုးသားကြိုးစားတဲ့ ၀န်ထမ်းတစ်ဦးသာဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ် ပြစ်မှုမှတ်တမ်းမရှိဘဲ အများချစ်ခင်သူ တစ်ဦးသာဖြစ်ကြောင်း FAME ဆေးဝါးစက်ရုံကထောက်ခံစာကို ဖေဖော်ဝါရီ ၂၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် တရားဥပဒေနှင့်အညီ ဥပေဒဘောင်အတွင်းမှ လိုအပ်သလိုကူညီပေးနိုင်ရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ မေတ္တာရပ်ခံခဲ့ပြီး လိုအပ်ချက်များနှင့် ပတ်သက်၍ FAME ဆေးဝါးစက်ရုံ အား အသိပေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မျိုးသက်လွင်အား စက်ရုံပိုင်ရှင်ဖြစ်သူ ဒေါက်တာ ခင်မောင်လွင် ( FAME ) က အမှန်တရား နိုင်ပါစေ ဟု လူမှုကွန်ရက်တွင် အားပေးစကားပြောခဲ့သည်။

“မျိုးသက်လွင်. ဘာမှအားမငယ်နဲ့.. ဆရာနဲ့ တစ်စက်ရုံလုံးကဝန်ထမ်းတွေ မင်းဘက်ကနေ အပြည့်အ၀ ရပ်တည်ပေးနေတယ်။ မင်း အပြစ်ဒဏ်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ၊ ဥပဒေနဲ့အညီဖြစ်ဖို့. ၊ အမှန်တရားအတိုင်းဖြစ်ဖို့ ဆရာတို့တွေ အစွမ်းကုန် ကူညီပေးနေတယ်။ ဆုတောင်းပေးနေပါတယ်။အမှန်တရားက နိုင်ကိုနိုင်မယ်လို့ ယုံကြည်ပါတယ် သား မျိုးသက်လွင်ရေ” ဟု ဒေါက်တာ ခင်မောင်လွင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာနေ မျိုးသက်လွင်သည် ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၇ နာရီခွဲခန့်က ပန်းလှိုင်ဂေါက်ကွင်းအနောက်ဘက်၌ ၄င်း၏ချစ်သူနှင့် ချိန်းတွေ့၍ လမ်းလျှောက်လာနေကြစဉ် အမည်မသိလူ ၂ ဦးပါ ဆိုင်ကယ်တစ်စီးက ၎င်းတို့စုံတွဲရှေ့သို့ပိတ်၍ ခြိမ်းခြောက် လုယက်ခြင်း ကို ပြန်လည်ခုခံခဲ့ရာမှ လုယက်သူများ သေဆုံးသွားသဖြင့် အမှုဖွင့် ခံခဲ့ရသည်။

မောင်မျိုးသက်လွင်သည် နယ်မှ FAME ဆေးဝါးစက်ရုံတွင် ၈.၅.၂၀၁၄ ခုနှစ်ကတည်းက အလုပ်လုပ်ကိုင်ခဲ့ပြီး လုပ်သက် ခြောက်နှစ်ရှိပြီဖြစ်ကြောင်း ၊ ရိုးသား ကြိုးစား၍ တာဝန်ကျေသူတစ်ဦးဖြစ်ကာ လုပ်ဖော်ကိုင်ဖက်များက ချစ်ချင်ကြပြီး စက်ရုံတွင် အားထားရသူ ဥယျာဉ်မှူးလုပ်သားဝန်ထမ်းဖြစ်ကြောင်း လည်း ရေးသားဖော်ပြထားသည်။

ထို့ပြင် ဒေါက်တာ ခင်မောင်လွင်က စက်ရုံတွင် ရှိသော ဝန်ထမ်း အားလုံးကို သားသမီးများကဲ့သို့ သဘောထားခြင်းကြောင့် မောင်မျိုးသက်လွင်၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ အမှုကိစ္စ၊ သတင်းပြန်ကြားဆက်သွယ်ရန် နှင့် လိုအပ်သောကိစ္စအ၀၀များကို ကူညီဆောင်ရွက်ပေးနိုင်ရန် Medical Officer ဖြစ်သော ဒေါက်တာဖြိုးဝေအောင် ဦးဆောင်သည့် Factory Director, Administrative Manager, HR Manager, Marketing Manager တို့ကို စုပေါင်းပြီး “မျိုးသက်လွင်ကူညီရေးအဖွဲ့” ကို ဖွဲ့စည်းပေးခဲ့ကာ အဖွဲ့မှတာဝန်ရှိသူများက နေ့တိုင်း သွားရောက်တွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားပေးခြင်း၊ လိုအပ်သည်များကို ကူညီ ဖြည့်ဆည်းပေးလျက်ရှိကြောင်းလည်း ရေးသား ဖော်ပြထားသည်။

ZYMH
ဓါတ်ပုံ – ဒေါက်တာခင်မောင်လွင်

Leave a Reply