NLD ပါတီသည် လေးနှစ်တာကာလအတွင်း အမှားတစ်ခါမှ မလုပ်ခဲ့ဖူးဘူးဟု ဒေါက်တာဇော်မြင့်မောင်ပြောကြား

0
74

 

NLD ပါတီသည် လေးနှစ်တာ ကာလအတွင်း အမှားတစ်ခါမှ မလုပ်ခဲ့ဖူးဘူးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင် က မတ်လ ၂ ရက်က ကျင်းပသည့် ချမ်းမြသာစည်မြို့နယ် ပါတီရုံးဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် ပါတီဝင်များအနေဖြင့် သဘောထားမတူတာတွေကို ဘေးဖယ်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ဦးတည်၍ စည်းရုံးရေးကို ယခင်ကထက် ပိုမိုလုပ်ဆောင်ရန် မှာကြားခဲ့သည် ။

“ဒီနေရာမှာ တစ်ခုပြောစရာရှိတာက စစ်တမ်းတွေအရ ပြည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ ယုံကြည်မှု ရှိနေသေးတယ်။ နိုင်ငံရေးအရ ပြောချင်တာက နိုးကြားတက်ကြွတဲ့သူတွေ၊ သတင်းမှားတွေမယုံတဲ့သူတွေ၊ စဉ်းစားဆင်ခြင်တုံတရားနဲ့ လုပ်တဲ့သူတွေတော်တော်များများက ရာခိုင်နှုန်းအရ ၆၀ ကျော်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ယုံကြည်နေကြဆဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုသွားခဲ့တဲ့ လေးနှစ်တာကာလမှာ ခြေလှမ်းမမှားပါဘူး။ အမှားတစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ မှားကောင်းမှားနိုင်တဲ့လူတွေမရှိဘူးလားဆိုတော့ ရှိပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ဆို မမှားပါဘူး´´ ဟု ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကို အများပြည်သူ ၆၀ ရာခိုင်နှုန်း က ယုံကြည်မှုရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည် ။

“နိုင်ကိုနိုင်ရမယ်။ နိုင်ကိုနိုင်ရမယ်။ နိုင်မယ်လို့လဲ ယုံကြည်ထားပြီးတော့ စည်းရုံးရေးကို အရင်ကထက် ဆထက်တပိုးလုပ်စေချင်တယ်။ သဘောထားမတူညီတာတွေကတော့ ပါတီတစ်ခုမှာရှိမှာပါ။ အဲဒီသဘောထားမတူညီတာတွေကို ဘေးဖယ်ထားလိုက်ပါ။ လမ်းကြောင်းတစ်ခုတည်းသွားမယ်။ ပစ်မှတ်တစ်ခုတည်းဦးတည်မယ်။ ပါတီဝင်အချင်းချင်းညီညွတ်ပြီး လက်တွဲမယ်။ ကျောချင်းကပ်မယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဦးတည်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်တွေအားလုံး ကြိုးစားပမ်းစားဆောင်ရွက်စေချင်ပါတယ်´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ – ၂ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဒေါက်တာဇော်မြင့်မောင် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တစ်ဦးတည်းသော ပြောရေးဆိုခွင့်ရှိသူအဖြစ် မတ်လ ၁ ရက်က ကျင်းပသည့် ပါတီ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးတွင် ပြောင်းလဲသတ်မှတ်ခဲ့သည်။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply