ပြည်ပရေထွက်ကုန်တင်ပို့မှု ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ ၅၆ သန်းကျော်တင်ပို့နိုင်

0
14

ပြည်ပ ရေထွက်ကုန်တင်ပို့မှု ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၈၅၃၉ ကျော် ၊ အမေရိကန်ဒေါ်လာ ၅၆ သန်း ကျော် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ အရည် အသွေးထိန်းသိမ်းရေးနှင့် သုတေသနဌာနစုမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အောက်တိုဘာလမှ ဖေဖော်ဝါရီလကုန်အထိ ပြည်ပရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၈၅၃၉ ‌‌ဒသမ ၄၁၁ တန်၊ အမေရိကန်ဒေါ်လာ ၅၆ ‌‌ဒသမ ၅၅၉ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

“တရုတ်နှစ်သစ်ကူးနောက်ပိုင်း ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ စဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ မူဆယ်ထွက်ပေါက်ကနေ export က နည်းနည်းကျသွားတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဘက်က ကုန်သည်နဲ့ တရုတ်ဘက်က ကုန်သည် ချိတ်ဆက်ပြီးတော့ ပို့လို့ရသ‌လောက် တင်ပို့နေတဲ့အတွက် ဖေဖော်ဝါရီလဝက်ကျော်ကျော်လောက်မှာ ပုံမှန်လေး တင်ပို့နေတာရှိတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန၊ အရည် အသွေး ထိန်းသိမ်းရေးနှင့် သုတေသန ဌာနစုမှ ဦးစီးအရာရှိ ဦးမြင့်သန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ ယင်းကာလအတွင်း လုံးဝရပ်ဆိုင်းသွားခြင်း မဟုတ်ဘဲ နှစ်နိုင်ငံ ကုန်သည်အချင်းချင်း ချိတ်ဆက်၍ အလျဉ်းသင့်သလို တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၉ ရက်အထိ ပြည်ပ ရေထွက်ကုန်ပစ္စည်း တင်ပို့မှု တန်ချိန် ၃၃၉၄၃၁ ‌‌ဒသမ ၁၂၈ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၁၂ ‌‌ဒသမ၂ ၇၈ သန်းတင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်‌အောက်တိုဘာလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ တန်ချိန် ၃၀၀၈၉၁ ‌‌ဒသမ ၇၁၇ တန်၊ အမေရိကန်ဒေါ်လာ ၃၅၅ ‌‌ဒသမ ၇၁၉ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

” မူဆယ်စိစစ်ရေးစခန်းအနေနဲ့ အားသာချက်က ကျွန်တော်တို့ ရေထွက်ကုန်ပစ္စည်းတွေ သွားလာတဲ့အခါ သိုလှောင်ထားနိုင်တဲ့ အအေးခန်း၊ ဂိုဒေါင်တွေ ရှိတယ်။ တရုတ်ဘက်မှာဆိုရင်လည်း သိုလှောင်ရုံတွေ အအေးခန်းတွေ ထားရှိတဲ့ အခါကြတော့ အလျဉ်းသင့်သလို သူတို့ တင်ပို့နေကြတာ ဖြစ်ပါတယ်”ဟု ဦးမြင့်သန်းက ပြောသည်။

ပြည်ပရေထွက်ကုန်ပစ္စည်း တင်ပို့မှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီ လအထိ Normal Tarde မှ တန်ချိန်ပေါင်း ၇၀၃၆၁ ‌‌ဒသမ ၇၇၅ တန်၊ အမေရိကန်ဒေါ်လာ ၁၃၀ ‌‌ဒသမ ၁ ၀၁ သန်း၊ Border Trade မှ တန်ချိန်ပေါင်း ၂၃၀၅၂၉ ‌‌ဒသမ ၉၄၂ တန်၊ အမေရိကန်ဒေါ်လာ ၂၂၅ ‌‌ဒသမ ၇၁၉ သန်း တင်ပို့ထားပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ Normal Trade မှ တန်ချိန်ပေါင်း ၇၆၁၆၈ ‌‌ဒသမ ၂၂၄ တန်၊ အမေရိကန်ဒေါ်လာ ၁၄၉ ‌‌ဒသမ ၃၁၉ သန်း၊Border Trade မှ တန်ချိန်ပေါင်း ၂၆၃၂၆၂ ‌‌ဒသမ ၉၀၄ တန်၊ အမေရိကန်ဒေါ်လာ ၂၆၂ ‌‌ဒသမ ၉၅၉ သန်း တင်ပို့ထားကြောင်း သိရသည်။

လက်ရှိတွင် မူဆယ်နယ်စပ်မှတဆင့် ကဏန်း၊ ငါးရှဥ့်၊ ငါးတံခွန်၊ ငါးခေါင်းပွ၊ ငါးမုတ်ဖြူ၊ ငါးပုတ်သင်၊ ငါး ဘဲဖြူ၊ ငါးပူတင်း၊ ငါးခွေးလျှာ၊ ငါးရွှေ၊ ‌ရွှေငါး၊ ပုစွန် ဖွဲ၊ ငါးသလောက်၊ ငါးဆားနယ်၊ ကင်းမွန်၊ ကင်းမွန်‌ ခြောက်နှင့် ငါးခြောက် စသည့် ရေထွက် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ လျက်ရှိကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply