ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်တွင် ကုန်ပစ္စည်းတန်ဆာခ ကောက်ခံမည်

0
78

တတိယအကြိမ်ပြေးဆွဲမည့် ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်တွင် ကုန်ပစ္စည်းများအပေါ် တန်ဆာခများ ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ မတ် ၁၂ရက်တွင် သိရသည်။

ယခင် ပြေးဆွဲခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်အတွက် ခရီးသည်များထံမှ လက်မှတ်ခနှင့် ကုန်ပစ္စည်းများအပေါ်တန်ဆာခ မယူခဲ့သော်လည်း လာမည့် တတိယ အကြိမ်တွင် လုပ်ငန်းလိုအပ်ချက်အရ ကုန်ပစ္စည်း များအပေါ် ညီညွတ်မျှတသည့် နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ကုန်တွေအပေါ်မှာ သယ်ယူပို့ဆောင်ခ ကောက်ခံခြင်းသည် လုပ်ငန်းရဲ့ လိုအပ်ချက်အရ ဆောင်ရွက်သွားရမယ့် အလုပ်တစ်ခုအနေနဲ့ လျာထားပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ကုန်တွေအပေါ်မှာ အသုံးပြုမှု ခွဲခြားဆန်းစစ်ခြင်း၊ တန်ဖိုးသင့်မှုအပေါ် အခြားအခြားသော သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ကောက်ခံမှု နှုန်းထားတွေနဲ့ ညီညွှတ်အောင် စီမံဆောင်ရွက်ပြီးမှ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု YRTA ၏
တွဲဘက်အတွင်းရေးမှူး ဦးလှအောင် ကပြောသည်။

ယခင်က ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ကို မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ပြေးဆွဲပေးခဲ့ပြီး ကုန်တစ်တန်လျှင် ကျပ် နှစ်သောင်း ကောက်ခံခဲ့သော်လည်း ဒေသဖွံ့ဖြိုးရေးကုန်များ၊ ပြန်ရောင်းမည့် ကုန်များနှင့် ဒေသမှ သယ်ဆောင် လာသည့် ကုန်ပစ္စည်းများလည်း ပါဝင်သောကြောင့် ကောက်ခံသည့် နေရာတွင် ညီညွတ်မျှတသည့် နှုန်းထား သတ်မှတ်၍ ကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သည့် သူရိယစန္ဒာဝင်း ကုမ္ပဏီ၏ ရေယာဉ်ကို စာချုပ်ချုပ်ဆို ငှားရမ်း၍ အသွားအပြန် တစ်ခေါက်စာ ကုန်ကျစရိတ် ကျပ်သိန်း ၂၀၀ ဖြင့်ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ထိုသို့ ကုန်ကျသည့် ကျပ်သိန်း ၂၀၀ ကိုလည်း YRTA ၏ စီမံခန့်ခွဲမှုမှ ရရှိသည့် ရန်ပုံငွေထဲမှ ကျခံသုံးစွဲနေခြင်းဖြစ်သည်။

ရန်ကုန် – ကိုကိုးကျွန်း ရေကြောင်း ခရီးစဉ်သည် အသွားအပြန် ကြာချိန်နာရီ ရှစ်ဆယ်ဖြင့် ခြောက်ရက်တာ ကြာမြင့်မည်ဖြစ်ပြီး သင်္ဘောသား ဦးရေ ၂၀ ခန့်နှင့် လူဦးရေ ၂၄ ယောက်ခန့် အိပ်စီးနိုင်သည့် အိပ်ခန်းများ အပါအဝင် စုစုပေါင်း လူဦးရေ ၆၀ ခန့် လိုက်ပါစီးနင်းနိုင်ကာ ကုန်တန်ချိန်အနေဖြင့် တန် ၃၀၀ ခန့် တင်ဆောင်နိုင် ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply