တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေသည့် ကာလအတွင်း အရန်ယာဉ်များ ထားရှိ

0
74

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေသည့် ကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှု အဆင်ပြေစေရန် အရန်ယာဉ်များဖြင့် ထပ်တိုးပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှမတ် ၁၂ရက်တွင် သိရသည်။

ရန်ကုန် အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင် တို့တွင် ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်လျှက်ရှိသောကြောင့် တောင်ပိုင်းခရိုင် သန်လျင်ဘက်ခြမ်း တံတားအဆင်း၌အရန်ယာဉ်များ ထားရှိသည့်အပြင် သက်ဆိုင်ရာ မြို့နယ်အလိုက်ရှိ မြို့နယ် ယာဉ်ထိန်းရဲ များဖြင့်လည်း ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများအားလုံးကို ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

“တောင်ပိုင်းခရိုင်မှာ အဓိကသန်လျင်တံတားကို ဖြတ်သန်းခြင်းက အရေးကြီးပါတယ်။ ဒါ့ကြောင့်သန်လျင်တံတားနဲ့ ပတ်သက်လို့ YRTA တောင်းပိုင်းခရိုင် တာဝန်ခံများနဲ့ အားလုံး စီမံချက်များ ရေးဆွဲပြီး ဖြစ်ပါတယ်။ တံတားပေါ်မှာ ယာဉ်ပိတ်ရင် ဘာလုပ်ရမယ် ဆိုတာရယ်၊ ယာဉ်ပျက်ရင် ဘာလုပ်ရမယ် ဆိုတာရယ် စီမံချက်တွေနဲ့ လုပ်ထားပါတယ်။ အဲ့အတွက် လက်ရှိပြေးဆွဲနေတဲ့ ယာဉ်တွေအပြင် အရန်ယာဉ်များ သန်လျင်ဘက်ခြမ်းမှာ ထားရှိပါတယ်”ဟု YRTA မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

ထို့ပြင် တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုနေသည့် ကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှု အဆင်ပြေစေရန် အတွက် YBS ယာဉ်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံခဲ့ပြီး သတ်မှတ်နေရာများတွင် စောင့်ကြည့်ခြင်း၊ ယာဉ်ကြောကြပ်တည်းမှုများကို ဖြေရှင်းခြင်းနှင့် မိမိယာဉ်လိုင်းများ သွားလာမှု ပုံမှန်သွားလာနိုင်ရေး ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

“အကယ်၍ သန်လျင်တံတား ပိတ်သွားရင် ကျောင်းသား ကျောင်းသူတွေ အခက်အခဲ ဖြစ်မယ်။ ဒါအရင်လည်း ဖြစ်ခဲ့ဖူးတဲ့ ကာလတွေရှိတယ်။ ကျွန်တော်တို့ ယာဉ်တွေနဲ့ တံတားခြေရင်းကနေ မိမိသွားလိုတဲ့ တက္ကသိုလ်များကို ကျွန်တော်တို့ ပို့ပေးခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းဘဲ စီမံထားပြီး ဖြစ်ပါတယ်”ဟု ဦးလှအောင် က ပြောသည်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများကို မတ် ၁၁ ရက်မှ မတ် ၂၀ ရက်အထိ ဖြေဆိုနေသည့် ကာလအတွင်း ကျောင်းသား ကျောင်းသူများ သွားလာမှု အဆင်ပြေစေရန် အရန်ယာဉ်များထားရှိကာ ပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply