COVID-19 ရောဂါကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းစဉ်အတွက် ရန်ပုံငွေထူထောင်မည်

0
18

 

ကုန်သည်စက်မှုအသင်းချုပ်မှ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါကာကွယ်ရေး နှင့် ကုသရေးလုပ်ငန်းစဉ် များအတွက် ရန်ပုံငွေ တစ်ရပ် ထူထောင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါ ကပ်ရောဂါ ကူးစက်ပြန့်ပွား မှုများ ဖြစ်ပေါ်လာပါက အရေးပေါ်လိုအပ်မည့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးနှင့် အခြားလိုအပ်မှုများအတွက် ပံ့ပိုးနိုင်ရန် ရန်ပုံငွေတစ်ရပ် ထူထောင်၍ ငွေကျပ် သိန်း (၁၀၀၀) ကို ကနဦး မတည် လှူဒါန်း သွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ အသိပေးကြေညာထားသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ အသင်းသူ အသင်းသားများ၊ ညီနောင်အသင်းအဖွဲ့များ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များ အနေဖြင့်လည်း ယင်းရန်ပုံငွေတွင် ထည့်ဝင် လှူဒါန်းလိုပါက မိမိစေတနာအလျောက် လှူဒါန်းခြင်းဖြင့် ပူးပေါင်းပါဝင်ရန် တိုက်တွန်း နှိုးဆော်ထားသည်။

ထိုသို့ လှူဒါန်းရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် ပစ္စည်း ကိရိယာ အသုံးအဆောင်နှင့် ဆေးဝါးများကို ရန်ပုံငွေမှ ဝယ်ယူ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသော COVID-19 ကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည်။

ကပ်ရောဂါ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးရိုက်ခတ်မှုများ ရှိလာခြင်းကြောင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ စီးပွားရေးအရ ထိခိုက်မှုများ အပေါ်တွင် အကောင်းဆုံး တုံ့ပြန် ဖြေရှင်း ပေးနိုင်ရန်အတွက် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအပေါ် မျက်ခြေမပြတ် စောင့်ကြည့်လေ့လာ၍ ဆောင်ရွက် သင့်သည် များကို နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply