COVID-19 ဖြစ်စဉ် သက်ရောက်မှု ကြီးမားလာပါက အခွန်ကင်းလွတ်ခွင့်များပေးရေး သမ္မတရုံးသို့ တင်ပြမည်

0
33

ပြည်တွင်းအသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် COVID-19 ဖြစ်စဉ်သက်ရောက်မှု ကြီးမားလာပါက COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက အခွန်ကင်းလွတ်ခွင့် နှင့် သက်သာခွင့်များပေးရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြမည် ဖြစ်ကြောင်းသိရသည်။

COVID-19ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီကို မတ်လ ၁၃ ရက်က အဖွဲ့ဝင် ကိုးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

“အခုလုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းက ဘာပြင်ဆင် ထားလဲဆိုရင် နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုနိုင်တဲ့ အခွန်သက်သာခွင့် ကင်းလွတ်ခွင့်၊ စီးပွားရေး လုပ်ငန်းများ ခွင့်ပြုမိန့် စတဲ့အချက်တွေပေါ်မှာ မူတည်ပြီး သုံးသပ်လို့ရပါတယ် ။ ဒီကာလမှာ တစ်ကမ္ဘာလုံးက စီးပွားရေးအရ ဒီလိုဖြစ်နေတာ ဖြစ်တဲ့အတွက် တာဝန်ရှိသူ၊ ကော်မတီ အပါအဝင် အထက်အဆင့်ဆင့်က နိုင်ငံတော်ရဲ့ အခွန်တို့ ဘာတို့ကို ပြန်စဉ်းစားမယ်ဆိုရင် ပြင်ဆင်နိုင်မှုက တပိုင်းဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

COVID-19ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အရေးပေါ်စီမံ ဆောင်ရွက်မည့် နည်းလမ်းများ၊ ကာလတို၊ကာလရှည် ဆောင်ရွက်မည့် နည်းလမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ စက်ရုံအလုပ်ရုံနှင့် လုပ်သားများ အလုပ်လက်မဲ့ဖြစ်ပေါ်လာမှုနှင့် ပတ်သက်ပြီး အလုပ်အကိုင် အသစ်များ ဖော်ဆောင်ပေးခြင်း တို့ဖြစ်သည်။

ထို့ပြင် ရေရှည်အကျိုးရှိမည့် အခြားအသက်မွေးဝမ်း ကြောင်းဆိုင်ရာ ပညာရပ်များ သင်ကြားပေးခြင်းကို ဆောင်ရွက်ပေးခြင်း၊ COVID-19ကဲ့သို့ ဖြစ်စဉ်များ အနာဂတ်တွင် ထပ်မံပေါ်ပေါက် လာနိုင်သည့်အတွက် ကုန်ကြမ်းပစ္စည်းများ ရရှိရေးကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း၊ ကာလရှည်မျှော်မှန်းမှုအနေဖြင့် လုပ်ဆောင်ရန်ရှိသည့် ထုတ်လုပ်နိုင်မှု စွမ်းအားပေါ် မူတည်ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သွားရန် ပြည်တွင်း အသေးစား ၊အငယ်စားနှင့်အလတ်စားစီးပွားရေးပေါ်တွင် COVID-19 ဖြစ်စဉ်သက်ရောက်မှုရှိလာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို သုံးသပ်တင်ပြရန် စသည့် အချက်လက်များ ပါရှိကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply