ပြည်ပသို့ အလုပ်သမားစေလွှတ်မှု ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

0
15

 

ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်မှုကိုမတ်လ ၁၈ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအနေဖြင့် သတ်မှတ် ကာလအတွင်း အဆိုပါကိစ္စရပ် များအတွက် အေဂျင်စီများ၏ တင်ပြစာများကို လက်ခံ ဆောင်ရွက်မည် မဟုတ်ကြောင်းနှင့်
ပြန်လည်ဆောင်ရွက်ခွင့်ပြုမည့် အခြေအနေကို ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ ပြည်ပကိုအလုပ်သွားလုပ်တော့မယ်ဆိုရင် ထွက်ခွာခါနီး လုပ်ရတဲ့ အလုပ်သမားကဒ်တွေ မရိုက်ပေးတော့ဘူး။သင်တန်းကျောင်းတွေ ဖွင့်မပေးတော့ဘူး။စာချုပ်ချုပ်ခွင့် မပေးတော့ဘူး။အဲ့တော့ အေဂျင်စီတွေအနေနဲ့က ပြည်ပကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဖို့ရှိပေမယ့်လည်း မလုပ်ရတော့ဘူးပေါ့။ထိခိုက်မှုတော့ အနည်းနဲ့ အများ ရှိကြတာပေါ့”ဟု ပြည်ပအလုပ်ကိုင်အေဂျေစီလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများအတွက် ရန်ကုန်မြို့၊ ဘားအံမြို့၊မြဝတီမြို့နှင့် ကော့သောင်းမြို့တို့တွင် အလုပ်ရှင် ၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခြင်းနှင့် ပြည်ပ အလုပ်အကိုင် အလုပ်သမားမှတ်ပုံတင် ကတ်ပြား ထုတ်ယူခြင်းတို့ကို မတ်လ ၁၈ရက်မှစ၍ စတင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကူးစက်ပြန်ပွားမှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေး များသည့် အခမ်းအနားများ ၊ ပွဲလမ်း သဘင်များနှင့် အစည်းအဝေးများကို မတ်လ ၁၃ ရက်မှစ၍ စတင်ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply