ပြင်ဦးလွင်မြို့တွင် စစ်ဆေးရေး X-Ray စက်ထားရှိမည်

0
41

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်မှောင်ခိုပစ္စည်းများ စစ်ဆေးရေး X-Ray စက်ထားရှိသွားမည်ဖြစ်ကြောင်းမတ်၁၉ရက်တွင် သိရသည်။

အဆိုပါ X – Ray စက်ထားရှိမည့်အပေါ် ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်မှုများရှိနေသည့်အတွက် ဒေသခံပြည်သူများနားလည်သဘောပေါက်လက်ခံသည်အထိ ရှင်းလင်းသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က ပြောသည်။

“အခုလက်ရှိ X-Rayစက်ကိုရှောင်ပြီးတော့ သွားလို့ရတဲ့နေရာဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီလိုလုပ်လို့မရအောင် အကောင်းဆုံးနေရာက ဝက်ဝံနေရာဖြစ်နေတယ်။ ဒါကတရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေး ရှုထောင့်ကပါ။ နောက်တစ်ချက်ကကျန်းမာရေးဆိုင်ရာကိစ္စ ဒီX-Rayစက်ကြီး တို့အနားမှာရှိနေရင် တို့တစ်တွေရဲ့ ကျန်းမာရေးကိုထိခိုက်မလား။ ဒါတွေကိုကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများနဲ့စစ်ဆေးကြည့်ပြီးပါပြီ။ သူ့ရဲ့ ပြင်းအားဟာ ကျန်းမာရေးကိုထိခိုက်နိုင်စရာမရှိပါဘူး။ နောက်ပြီး X-Rayစက်ထားမယ့်မြေနေရာဟာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေဖြစ်နေတယ်။ အဲဒီဒေသရဲ့ စီးပွားရေး၊ လူမှုရေး ထိခိုက်နိုင်မလားဆိုတာကို ဆန်းစစ်လေ့လာထားပါတယ်။ သေချာတာတစ်ခုကတော့ ဒီလိုကိစ္စများကို သက်ဆိုင်ရာ ဒေသခံပြည်သူများနားလည်သဘောပေါက်လက်ခံသည်အထိ ရှင်းလင်းတင်ပြဖို့ အစိုးရမှာတာဝန်ရှိပါတယ်´´ ဟု မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က ပြောသည်။

ယခုလက်ရှိတွင် X – Ray စက်ကို ပြင်ဦးလွင်မြို့အထွက်တွင် ထားရှိထားပြီး ယခင်နှစ်က လက်နက်ကိုင် တစ်ချို့ က လာရောက်ပစ်ခတ်မှုများရှိခဲ့ရာ ထိုသို့ ပစ်ခတ်မည်ကိုလည်း ဒေသခံများက စိုးရိမ်ကြသည် ။

” ယေဘူယျအားဖြင့် X-Rayစက်တင်မကပါဘူး။ ပြင်ဦးလွင်မြို့၊ မန္တလေးမြို့ရဲ့ လုံခြုံရေးဆိုတာဟာ အစိုးရမှာ အပြည့်အဝတာဝန်ရှိပါတယ်။ တာဝန်ရှိသည်နှင့်အညီ အတွင်းစည်း၊ အပြင်စည်း နေ့စဉ် တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးဆိုင်ရာအလို့ငှာဆောင်ရွက်နေပါဖြစ်ပါတယ်။X-Rayစက်လည်း အဲဒီအတိုင်းပါပဲ။ ဒီတော့ X-Rayစက်သည် တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကိုထိခိုက်စေမယ့် ပစ္စည်းများ၊ တရားဥပဒေပြင်ပကပစ္စည်းတွေတင်သွင်းလာမှာစိုးလို့ ခေတ်မီနည်းနဲ့စောင့်ကြည့်တဲ့နေရာပဲ။ အဲဒီနေရာကိုလာဖျက်ဆီးတာက ဘယ်သူတွေလဲဆိုတော့ တရားဥပဒေပြင်ပကလူတွေပေါ့ဗျာ။ ဒီအရာကိုပြတ်ပြတ်သားသားလုပ်ကြရမယ့်ကိစ္စပါ။ ဒီလိုကိစ္စများမှာ အားလုံးကဝိုင်းဝန်းလုပ်ဆောင်ကြဖို့လိုတယ်´´ ဟု ဦးဇာနည်အောင် က ဆက်လက်ပြောသည်

X Ray စက်ထားရှိမည့် ဝက်ဝံကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း(၉)ရွာရှိပြီး X-Rayစက်နှင့် အနီးကပ်ရှိသည့်ကျေးရွာမှာ ဝက်ဝံဘူတာကျေးရွာဖြစ်ပြီး ယင်းရွာတွင် အိမ်ခြေ(၄၅၀)၊ လူဦးရေနှစ် ထောင်ကျော်ရှိသလို ကျေးရွာအုပ်စုအတွင်းရှိ ရွာ ကိုးရွာတွင် လူဦးရေငါးထောင် ကျော်ရှိ ကြောင်းသိရသည်။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply