လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များကို အဖြူရောင် ပြောင်းမည်

0
72

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများ ဆန္ဒမဲပေးမည့် ဆန္ဒမဲလက်မှတ်များကို အဖြူရောင် သာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

မတ် ၁၉ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က သတင်းမီဒီယာများမေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အရင်တုန်းက အရောင်တွေ က ရောတော့ အခု အဖြူရောင် ။ အရင်တုန်းက အရောင်နဲ့ ဆိုတော့ တံဆိပ်တွေကလည်း အရောင်နဲ့ ဆိုတော့ တချို့ဟာတွေက ဟို ဟာ မဖြစ်ဘူး။ အခုကတော့ အဖြူရောင်ရွေးလိုက်ရင် ကောင်းမယ်ဆိုပြီး တော့ အဖြူရောင်ရွေးထားပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။

ထိုသို့ အဖြူရောင် အဖြစ်ပြောင်းရခြင်းသည် မဲလက်မှတ်တွင် ပါရှိသည့် ပါတီများ၏ Logo တိုင်းသည် အရောင်မျိုးစုံရှိသည့် အတွက် အောက်ခံအရောင်သည် အရောင်ပါနေပါက မထင်ရှားဖြစ်မည်စိုးသဖြင့် အဖြူရောင်အဖြစ် အသုံးပြုရခြင်းဖြစ်ကြောင်း ဦးမြင့်နိုင် ကရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲလက်မှတ်၏ အရောင်သည် အ၀ါရောင် ကို အသုံးပြုခဲ့ကြောင်း သိရသည်။

အထွေထွေ ရွေးကောက်ပွဲကြီိး၏ အသုံးစရိတ်ကို ငွေကျပ် ငါးဆယ်ဘီလီယံခန့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဦးခင်မောင်ဦး ကပြောသည်။

“ကျွန်တော်တို့ အခု တင်ပြထားတာကတော့ ရွေးကောက်ပွဲ အသုံးစရိတ်က ဘီလီယံ ၅၀ ရှိပါတယ်။ ဒါက ပိုရင်လည်းပိုမယ်။ လိုရင်လည်း လိုမယ်။ ဒါကတော့ ပြောမရသေးပါဘူး။ အဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ နောက် ၂၀၂၀-၂၀၂၁ ဘတ်ဂျက်တွေရှိသေးတာကို အဲ့ဒါနဲ့ တွဲပြီိးသုံးမယ်။ ကုန်ဈေးနှုန်းအရ တန်ဖိုးတိုးမြင့်တာဆိုတော့ နိမ့်ရင်တော့ ပိုမဲ့ သဘောလည်းရှိပါတယ်”ဟု ဦးခင်မောင်ဦး ကပြောသည်။

လက်ရှိတွင် အခြေခံ မဲစာရင်းကောက်ခံထားမှု အခြေအနေအရ ပြည်တွင်းတွင် မဲပေးခွင့် ရှိသူ အရေအတွက်သည် မတ်လ ၃ ရက်၏ စာရင်းအရ ၃၇ သန်း ရှိနေပြီဖြစ်ကြောင်း သိရသည်။ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ များသည် လက်ရှိတွင် ၉၈ ပါတီရှိရာမှ ယာယီ ရပ်ဆိုင်းထားသည့် ပါတီသည် သုံးပါတီ ရှိကြောင်း သိရသည်။

ယခု လာမည့် ၂၀၂၀ ရွေးကောက်ပွဲကြီးကိုတော့ ယခင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ နည်းအတူ ကျင်းပလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့အတူ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကိုလည်း ယခင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာသည့် အချိန်တွင်ကြေညာသွားမည်ဖြစ်သည့် အတွက် မစိုးရိမ်ကြရန်လည်း ဦးမြင့်နိုင် ကပြောသည်။

၂၀၁၀ ခုနှစ် တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲရက်ကို မကျင်းပမီ နှစ်လ နှင့် ၂၄ ရက် အလို တွင် ကြေညာခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကိုတော့ မကျင်းပမီ လေးလ အလိုတွင် ကြေညာခဲ့ကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

Leave a Reply