ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငါးလုပ်ငန်းအဖွဲ့ချုပ်၏ တွေ့ဆုံ ဆွေးနွေးပွဲများ ယာယီရပ်ဆိုင်း

0
8
ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) ကြောင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲများနှင့် အစည်းအဝေး ဟောပြောပွဲများ၊ သင်တန်းများအား ဧပြီလ ၃၀ ရက်အထိ ကျင်းပခြင်းမပြုဘဲ ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပရန်ရှိသည့် သားငါးကဏ္ဍ လုပ်ငန်းရှင်များ၊ ပုံမှန် တွေ့ဆုံဆွေးနွေးပွဲများ၊ နှစ်ပတ်လည် အစည်းအဝေးများ၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးများနှင့် အခြားအစည်းအဝေးများ၊ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများကို မတ်လ ၁၆ ရက်မှ ဧပြီလ ၃၀ ရက်အထိ ကျင်းပခြင်း မပြုဘဲ ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်းသိရသည်။
“လူစုလူဝေး မလုပ်ရဘူးဆိုတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရဲ့ သတိပေးချက်တွေအရ အခုလို ယာယီ ရပ်ဆိုင်းထားတာပါ။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အခုအနေအထားက ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလိုပဲ ဖြစ်နေတဲ့အတွက် ဆင်ခြင်တဲ့ သဘောနဲ့ မလုပ်မဖြစ် လုပ်ရမယ့် အလုပ်တွေကို Viber တို့ Email တို့နဲ့ပဲ လုပ်ကြတာပါ။ အထက်က ညွှန်ကြားပြီး စာထုတ်ပြီး ရပ်ဆိုင်းထားတာ မဟုတ်ပါဘူး။ လုပ်ငန်းရှင်တွေ ညှိနှိုင်းပြီးတော့ အခုလို ယာယီ ရပ်ဆိုင်း ထားတာပါ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင် ကပြောသည်။
လက်ရှိ ကမ္ဘာတစ်ဝန်း ပြန့်နှံ့ဖြစ်ပွားလျက်ရှိသော COVID-19 အား World Health Organization(WHO) မှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးမှ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ ၊ ပွဲလမ်းသဘင်များ ကျင်းပခြင်းတို့ကို မတ်လ ၁၃ ရက်မှ ဧပြီ ၃၀ ရက်အထိ ကျင်းပခွင့် မပြုပဲ ရပ်ဆိုင်းထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါမှာ ကမ္ဘာအနှံ့အပြား ကူးစက်ပြန့်ပွားနေပြီး ကူးစက်နှုန်းနှင့် သေဆုံးမှုနှုန်းလည်း မြင့်တက်လာနေသောကြောင့် ကျန်းမာရေး ဝန်ကြီးဌာနမှ လူစုလူဝေး ကိစ္စရပ်များနှင့် ပတ်သက်၍ သတိပေးချက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည်။
ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply