အိန္ဒိယမှ လာမည့်ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန် လေးသိန်း တင်သွင်းခွင့်ပြု

0
15

အိန္ဒိယနိုင်ငံမှ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲ တန်ချိန် လေးသိန်း တင်သွင်းခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

ထိုသို့ မတ်ပဲ တန်ချိန် လေးသိန်း တင်သွင်းခွင့် ပြုခြင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယသမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း တန်ချိန် လေးသိန်းအထိ တိုးမြှင့်ဝယ်ယူရန် မေတ္တာရပ်ခံမှုအပေါ် တုန့်ပြန်သည့်သဘော ဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံမှ မတ်ပဲ လိုအပ်ချက်ရှိသောကြောင့် တင်သွင်းခွင့် ပြုခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ အိန္ဒိယက ဒီနှစ်မှာ မတ်ပဲလိုအပ်ချက်ရှိတယ်ဆိုတာကတော့ ရှေ့ပိုင်းမှာကတည်းက မြင်နေရတယ်။ များသောအားဖြင့် ဒီကိုတာစနစ်နဲ့ဆိုရင် မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲ ဒီပဲလေးမျိုးကို ကြေညာတာများတယ်။ အခုဟာက မတ်ပဲ တစ်ခုကိုဘဲ တန်ချိန်လေးသိန်း တင်သွင်းခွင့် ပြုတာဆိုပြီး အားခြင်း ထုတ်ပြန်လိုက်တယ် ဆိုတာကလည်း သမ္မတကြီး တောင်းဆိုလိုက်တဲ့ အပေါ်မှာ တုန့်ပြန်လိုက်တာလည်းပါတယ်။ သူတို့က တကယ်ကို လိုအပ်ချက်ရှိလို့ ကြေညာတာလည်း ပါတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

အိန္ဒိယနိုင်ငံနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ထဲတွင် ပဲတန်ချိန်တစ်သိန်းခွဲသာ ကိုတာ သတ်မှတ်ထားရာမှ လိုအပ်ချက်ရှိသောကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာကုန်ခန့်တွင် တန်ချိန် နှစ်သိန်းခွဲအား မတ်လကုန် နောက်ဆုံးထား တင်သွင်းရန် ကြေညာခဲ့သော်လည်း မတ်လကုန်ထဲတွင် ပြည့်မီအောင် မတင်နိုင်သည့်အတွက် ဧပြီလထိ ရက်ရွှေ့ဆိုင်း၍ တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်အတွက် မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုခြင်းသည် ယခုနှစ် ပဲပေါ်ချိန်နှင့် လာမည့်နှစ် ပဲပေါ်ချိန် တောင်သူများအတွက် ပဲဈေးကွက် အလားအလာ ကောင်းမည်ဖြစ်ကြောင်းသိရသည်။

“ဘာပဲပြောပြော ဈေးကွက်က ကျဉ်းတာထက်စာရင် အခုလို အိန္ဒိယ ဘက်က ၂၀၂၀ ထွက်တဲ့ ပဲရော ၂၀၂၁ ထွက်တဲ့ ပဲရော သူတို့ ဝယ်ပါမယ်လို့ ဂရမ်နီပေးလိုက်တဲ့အတွက် တောင်သူတွေအတွက် ကောင်းမှာပါ”ဟု ဦးမင်းကိုဦးက ဆက်လက်ပြောဆိုသည်။

အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်အတွက် မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုသည့် ထုတ်ပြန်ချက် ထွက်ပြီးနောက် မတ်ပဲဈေး အထိုက်အလျှောက် တက်လာကာ ဈေးကွက် အတွင်း မတ်ပဲတစ်တန်လျှင် ကျပ်ကိုးသိန်းခွဲခန့် ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၁၅- ၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှ စတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် တန်ချိန် လေးသိန်းသတ်မှတ်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ယခုနှစ် ဧပြီလ ၃၀ ရက်အထိ အချိန်တိုးမြှင့် တင်သွင်းခွင့်ပြုထားသည့် မတ်ပဲ တန်ချိန် နှစ်သိန်းခွဲအား သီးခြားဆက်လက် တင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း ဆောင်ရွက်သူများကသာပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(DGFT)ဌာနမှ သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းများနှင့် အညီ မတ်ပဲတင်သွင်းခွင့် ခွဲတမ်း လျှောက်ထားနိုင်ကြောင်း ဖော်ပြပါရှိသည့် အမန့်ကြော်ငြာစာအား အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနမှ မတ်လ ၁၇ ရက်က ထုတ်ပြန်ထားသည်။

၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့် ပြုသည့် မတ်ပဲတန်ချိန် လေးသိန်းသည် ယခုနှစ် မေလ ၁ ရက်မှ လာမည့် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်အတွင်း တင်သွင်းရမည်ဖြစ်သောကြောင့် ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မတ်လ ၂၀ ရက်မှ ၃၁ ရက် အတွင်း DGFT ၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကိုတာလျှောက်လွှာများ တင်သွင်းနိုင်ကြောင်း သိရသည်။

ထို့ပြင် မတ်ပဲတင်သွင်းခွင့် ရရှိသည့် ကုမ္ပဏီများသည် အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့ လာမည့် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် အရောက်တင်သွင်းရမည်ဖြစ်ပြီး အဆိုပါ မတ်ပဲများ တင်သွင်းရန် အချိန်တိုးမြှင့် တောင်းခံခြင်းကို လက်ခံဆောင်ရွက်မည် မဟုတ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply