COVID-19  ဖြစ်ပွားပါက သီးသန့် ခွဲထားနိုင်ရန် အဆင့်မြင့်ကွန်ဒိုများ အသင့်ပြင်ထားဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

0
47

COVID-19 ရောဂါ ဖြစ်ပွားလာပါက ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်း ချက်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ကူးစက်မှုရှိလာပါက သီးသန့်ခွဲထားနိုင်ရန်အဆင့်မြင့်ကွန်ဒို တိုက်ခန်းပေါင်း ၅ဝဝ ခန့် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၁ရက်က ပြုလုပ်ခဲ့သည့် Coronavirus Disease (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ/ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်း ပေးအပ်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

” အခုချိန်ထိ ရန်ကုန်မှာ ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိသေးပါဘူး။ ရန်ကုန်တိုင်းမှာ ဖြစ်လာရင်လည်း သီးသန့် ခွဲထားနိုင်ဖို့ အဆင့်မြင့်ကွန်ဒို တိုက်ခန်း ၅ဝဝ လောက် အဆင်သင့် ပြင်ထားတယ်။ ဒီအပြင် ရောဂါဖြစ်ခဲ့ရင် ရန်ကုန်ဆေးရုံကြီးရဲ့ Under Control အောက်ကနေ ဆေးရုံကို ခုတင် ၃၀၀ လောက်ဆံ့တဲ့ ဆေးရုံ နှစ်ခုလောက်ကို ချက်ချင်း အကောင်အထည်ဖော်နိုင်ဖို့ကို ပြင်ဆင်နေတာ ရှိပါတယ်”ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

ရောဂါအတွက် ပြင်ဆင်မှုများ ရှိသော်လည်းကူးစက်ခံရမှုများရှိလာပါက အသက်ရှုစက်များ လိုအပ်မည်ဖြစ်ပြီး ၊လူနာတစ်ဦးချင်းစီအလိုက် အသက်ရှုစက် တပ်ပေးရမည်ဖြစ်ပြီး လူနာ ၃၀၀ ခန့်ကို တစ်နေရာထဲတွင် ကုသမည်ဆိုပါက အသက်ရှုစက်အနည်းဆုံး အလုံး ၅၀ နှင့် ၁၀၀ ကြားခန့် ထားရှိမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် တားဆီးမှုများကို ပြင်းထန်စွာ မပြုလုပ်သေးခြင်းမှာ ရောဂါကူးစက်မှု မရှိသေးသောကြောင့် သင့်တင့်မှုရှိသည့် ဆောင်ရွက်မှုမျိုးကိုသာ လုပ်ဆောင်နေပြီး ထိုသို့ ဆောင်ရွက်ခြင်းမှာလည်း ဗိုင်းရပ်စ်ရောဂါ နှင့်အတူ တစ်ဖက်တွင် စီးပွားရေးအရ အနုတ်လက္ခဏာပြမည့် အခြေအနများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးတွင် ကာကွယ်မှုနှင့် ထိန်းချုပ်မှု လုပ်ငန်းစဉ်များ ပြုလုပ်နေပြီး ရောဂါဖြစ်ပွားမှု အခြေအနေတစ်ခုကို ဖုံးဖိထားရန် အစီအစဉ် လုံးဝ မရှိကြောင်းနှင့် ယင်းသို့ ပြုလုပ်ပါက အန္တရာယ် ဖိတ်ခေါ်ကာ ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းသာ ဖြစ်မည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

” ကျွန်တော်တို့က ဘယ်မှာ ရောဂါ ဖြစ်နေသလဲဆိုတာ လိုက်ရှာနေတဲ့ သူတွေပါ။ အဲ့လိုသိမှလည်း အခြေအနေကို ထိန်းချုပ်တားဆီး နိုင်မှာပါ။ ဒီရောဂါနဲ့ပတ်သက်ပြီး ဖုံးဖိလိုက် ရင် ကူးစက်မှုကို အရှိန်မြှင့်တင်သလို ဖြစ်ပွား နိုင်ပါတယ်။ရန်ကုန်မှာ ဈေးတွေပိတ်မယ်။ ရှော့ ပင်စင်တာကြီးတွေ ပိတ်မယ်ဆိုတဲ့ ကောလာဟလ တွေ ထွက်နေတာ ရှိပါတယ်။ ပြည်သူကို အသိပေး ချင်တာက ဒီအစီအစဉ်တွေ လုံးဝ မရှိပါဘူး” ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောသည်။

ရန်ကုန်တိုင်းအတွင်း ပွဲလမ်းသဘင်များ၊ အခမ်းအနား အစီအစဉ်များ၊ သက်ဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ကိစ္စ အရပ်ရပ်ကို မိမိ၏ အသိ စိတ်ဓာတ်နှင့် လုပ်ကိုင်ကြရန်လိုအပ်ပြီး လက်ရှိအခြေအနေအား ဥပဒေနှင့် ဆောင်ရွက်ခြင်း ထက် အသိတရားနှင့် ဆောင်ရွက်ခြင်းက မြန်မာနိုင်ငံ၏ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က တိုက်တွန်း ပြောဆိုသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply