အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချမည်

0
4

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များကိုသက်သာသောနှုန်းထားဖြင့် လှည့်လည် ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါ အသင်းချုပ်မှ မတ် ၂၆ရက်တွင်သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်သည် ညီနောင် အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့နှင့် ပူးပေါင်း၍ မတ်လ ၂၆ ရက် ညနေပိုင်း၌ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံးရှေ့တွင် လှိုင်သာယာ မြို့နယ် အတွင်းရှိ ပြည်သူများသို့ အခြေခံ စားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရောင်းချတာက အဓိကတော့ အခြေခံလူတန်းစားတွေနဲ့ အလုပ်သမား လူတန်းစား တွေရှိတဲ့ လှိုင်သာယာ ၊ရွှေပြည်သာ နဲ့ ရွှေလင်ပန်း ဒီဒေသတွေကို အရင်ဦးစားပေး ပြီးတော့ ရောင်းမှာပါ။ဒီနေ့ဆို လှိုင်သာယာ စက်မှုဇုန်မှာ ရောင်းဖို့ရှိပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။

အခြေခံ လူတန်းစားနှင့် အလုပ်သမားလူတန်းစားအများစုရှိသော လှိုင်သာယာ ၊ရွှေပြည်သာနှင့် ရွှေလင်ပန်းမြို့နယ်များကို ဦးစားပေးနေရာများ အဖြစ် သတ်မှတ်၍ အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန် ၊ ဆီ၊ ဆား ၊လူသုံးကုန်ပစ္စည်း များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

” ဆန်အိတ်နဲ့ ဒီကုန်စည်တွေအားလုံးကို လိုအပ်ချက် ရှိသလောက် ဝယ်သလောက် ရောင်းပေးမှာပါ။ စက်ရုံဝန်ထမ်းတွေရော၊ အဲ့ဒေသတွေမှာရှိတဲ့ နေထိုင်နေတဲ့ သူတွေ အားလုံးကို ရောင်းချ ပေးမှာပါ”ဟု ၎င်းက ပြောသည်။

ထိုသို့ လှည့်လည်ရောင်းချခြင်းသည် လတ်တလော COVID-19 အရေးကြောင့် အများပြည်သူ ဝယ်ယူ စားသုံးနေသည့် အခြေခံစားသောက် ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်ခြင်း မရှိစေရန်နှင့် ဈေးနှုန်း ကြီးမြင့်ခြင်း မရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခြားစက်မှုဇုန်များတည်ရှိရာ မြို့နယ်များသို့လည်း လာမည့်ရက်များအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက်လှည့်လည်ရောင်းချမည်ဖြစ်ပြီး ဒေသတွင်းဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီ၊ လက်ကားလုပ်ငန်းများ ထိခိုက်မှု မရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

Leave a Reply