မန္တလေးမြို့ရှိ ဈေးများကို ပိတ်မည်မဟုတ်ကြောင်း ခေတ္တဝန်ကြီးချုပ်ပြော

0
3

မန္တလေးမြို့ရှိ ဈေးများကို ပိတ်မည်မဟုတ်ဘဲ ဈေးကော်မတီများကို အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးချက်များကို လိုက်နာရန်ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က မတ် ၂၆ရက်တွင်ပြောကြားခဲ့သည်။

COVID – 19 ရောဂါကြောင့် မန္တလေးကုန်စည်ဒိုင်တွင် မတ်လ ၂၅ ရက်က စတင်၍ ရောင်းဝယ်မှုများရပ်နားသွားရန်စီစဉ်သော်လည်း မန္တလေးမြို့တော်ဝန် အနေဖြင့် ကုန်စည်စီးဆင်းမှုများ ရှိစေရန်အတွက် ပြန်လည်ဖွင့်ခိုင်းခဲ့မှုများရှိခဲ့သည်။

“နိုင်ငံသား တစ်ဦးချင်းဆီကနေ Lockdown လို နောက်ဆုံး အဆင့် အခြေအနေ မရောက်ရှိအောင်၊ ရောက်ရှိခဲ့ရင်လည်း ပမာဏနည်းအောင် ထိန်းချုပ်လို့ ရတဲ့ အဆင့်ဖြစ်အောင် လူတစ်ဦးချင်းစီကနေ အသိသတိ နဲ့ နေဖို့ပဲ ဈေးတွေ မပိတ်ပါဘူး။ နေ့စဉ် စားဝတ်နေရေး အတွက် လိုအပ်တဲ့ ပစ္စည်းများဝယ်လို့ရအောင် ဖွင့်ထားတယ်။ဈေးကော်မတီ အသီးသီးကိုလည်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်ကြဖို့ ညွှန်ကြားပြီးဖြစ်တယ်။ ပြည်သူ တစ်ဦးချင်းစီကလည်း လိုအပ်မှ ဈေးကို ဝယ်ပါ။ ဝယ်တယ်ဆိုရင်လည်း အားလုံးအတွက် တစ်ဦးတည်းက ဝယ်ပါ။ မူလက တစ်ရက်တစ်ကြိမ် ဈေးသွားရင် ဒီနေ့ သုံးရက် တစ်ကြိမ် ဈေးသွားပါ။ ပုံစံလေးတွေ ပြောင်းလိုက်ပါ´´ ဟု မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က ပြောသည်။

ထို့အပြင် ပြည်သူများ၏ အသိတရား၊ ညီညွှတ်မှုများဖြင့် COVID – 19 ရောဂါကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးဇာနည်အောင်က ဆက်လက် ပြောသည်။

“ရဲရဲကြီးယုံကြည်တာက ပြည်သူတွေရဲ့ အသိတရား၊ ညီညွတ်မှုတွေနဲ့ ကပ်ရောဂါကြီးကို အကောင်းဆုံး ကျော်လွန်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မီဒီယာသမားများအနေနဲ့ လည်း မှန်ကန်တဲ့ အသိကို ပြည်သူတွေဆီ ရောက်ဖို့ လိုပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အနည်းငယ်သောလူများက နိုင်ငံ ရဲ့ လူ့အဖွဲ့အစည်းကို ကသောင်းကနင်းဖြစ်စေမဲ့ သတင်းတု သတင်းမှားများကို ဖေါ်ထုတ်ကြပါ။´´ ဟု မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင် က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တွေ့ရှိပြီးနောက်ပိုင်း လူစုလူဝေးနေရာဖြစ်သည့် ကျောက်ဝိုင်းကိုလည်း ယာယီပိတ်ထားသည့်အပြင် တက္ကသိုလ် ကောလိပ်စာမေးပွဲများကိုလည်း ရပ်ဆိုင်းခဲ့သည်။

နိုင်လင်းဦး
#TheFifthWaveNews

Leave a Reply